Tuesday 29 October 2013

တရားတော်ကို နှစ်သက်လို့ (၃)



တရားကို နှစ်သက်လို့ (၃)
“I am well Buddhist”  ဗုဒ္ဓဘာသာကောင်းတစ်ယောက်ပါ တဲ့။
“ငါက ခုမှ ဗုဒ္ဓဘာသာကို ယုံကြည်လာတဲ့သူ တစ်ယောက်မဟုတ်ပါဘူး။ အမေရိကန်လူမျိုးဖြစ်ပေမဲ့ ငါတို့ မိဘတွေက ဗုဒ္ဓဘာသာတွေပါ။ ဗုဒ္ဓဘာသာကောင်းတွေပါ။ တကယ်နှစ်နှစ်ကာကာ ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဒဘာသာမိသားစုက မွေးလာတဲ့ ဗုဒ္ဓဘာသာကောင်းတစ်ယောက်ပါ တဲ့။” (မိသားစုအကြောင်းကတော့ ကုန်စင်အောင် မသိပါဘူး)

ကိုရီးယားနိုင်ငံရဲ့  အထင်ကရဗုဒ္ဓဘာသာဂိုဏ်းတစ်ခုဖြစ်သော ဂျိုဂဲးဂိုဏ်းက တည်ထောင်ထားတဲ့ ဒုန်ဂွတ်တက္ကသိုလ်၊ စာရေးသူလည်း ကိုရီးယားဘာသာစကားကို အနည်းငယ် (သုံးတန်းပြီးသည်အထိ) သင်ယူလေ့လာခဲ့တဲ့တက္ကသိုလ်၊ (သူတို့ဂိုဏ်းမှာ ဘုန်းကြီးဖြစ်တဲ့ မဟာယာနဘုန်းကြီးဆိုရင်တော့ အခကြေးငွေ ပေးစရာမလိုဘဲ ကျောင်းတက်နိုင်ပြီး ကျန်တဲ့ဗုဒ္ဓဘာသာဘုန်းကြီးများကိုတော့ သုံးပုံ နှစ်ပုံကျောင်းလခကို ပေးသွင်းရသည်။ သာမန်ကျောင်းသားများ တစ်တန်းအတွက် ၁၂ သိန်းဝမ်ဖြစ်ပြီး၊ ဘုန်းကြီးများကတော့ ၈-သိန်းဝမ်ပေးရ) ထိုတက္ကသိုလ်အတွင်းမှာရှိတဲ့ နိုင်ငံတကာသမထစင်တာခန်းမ၌ တရားဟော၇န် ပင့်ဖိတ်မှုအရ သွားရောက်တရားဟောဖြစ်ခဲ့ပါသည်။ ခုဆိုရင် သုံးကြိမ်တောင် ဟောဖြစ်ခဲ့ပါပြီ။ 

ထိုစင်တာရဲ့ ထူးခြားမှုက တရားဟောတဲ့ ဘုန်းကြီးတိုင်းဟာ အင်္ဂလိပ်လိုပဲ ဟောရသလို ဟောတဲ့ဘုန်းကြီးတွေထဲမှာလည်း နိုင်ငံခြားသားဘုန်းကြီးတွေ များပြီး တရားနာလာရောက်ကြတဲ့ ပရိဿတ်အတွင်းမှာလည်း နိုင်ငံခြားသားတွေလည်း လာနားထောင်လေ့ရှိကြတယ်။ အစီအစဉ်အားလုံးကို အင်္ဂလိပ်လိုပဲ ပြုလုပ်ခြင်းဟာလည်း ထူးခြားသပေါ့လေ။

ထိုတရားပွဲ၌ ထိုအမေရိကန်အမျိုးသ္မီးလည်း တရားနာသူများထဲမှ တစ်ဦးအပါအဝင်ပေါ့။ ပထမအကြိမ် တရားဟောစဉ်ကတည်းက လာရောက်တရားနာသည်ကို ဓါတ်ပုံများကို ကြည့်၍ သိခဲ့ရသည်။ ဒုတိယအကြိမ် တရားဟောအပြီး အဆောက်အဦးရှေ့ အမှတ်တရ ဓါတ်ပုံရိုက်နေစဉ် လာရောက်နုတ်ဆက်လို့ စကားပြောခွင့်ရလိုက်တယ်။

သူကား ထိုတက္ကသိုလ် အင်္ဂလိပ်စာဌာနက အင်္ဂလိပ်စာပြ ဆရာမတစ်ယောက်လို့ သိလိုက်ရပြီး။ စကားပြောနေရင်း ထိုဒကာမကြီးက အထက်ပါ“I am well Buddhist”ဆိုတဲ့ စကားကို ပြောလိုက်လို့ အတော်ကို အံ့သြသွားခဲ့တယ်။ 

‘မင်းက အမေရိကန်လို ခရစ်ယာန်နိုင်ငံက လာပေမဲ့ ဗုဒ္ဓဘာသာဖြစ်နေပြီး ၊ အောက်မှာ စာသင်ယူနေကြတဲ့ ကျောင်းသားတွေကတော့ ဗုဒ္ဓဘာသာနိုင်ငံမှာ မွေးပြီး ခရစ်ယာန်ဖြစ်နေကြတယ်။ အတော်တော့ ကသိကအောက်ဖြစ်စရာပဲ။ ဒါပေမဲ့ ကောင်းပါတယ် သူတို့အထင်ကြီးလေးစားတဲ့ အမေရိကန်လို ခရစ်ယာန်နိုင်ငံက လာတဲ့ဆရာမက ဗုဒ္ဓဘာသာတရားတော်ကို သက်ဝင်ယုံကြည်နေတာဆိုတော့ ဗုဒ္ဓတရားတော်ဟာ ဘယ်လောက်ကောင်းသလဲဆိုတာကို သက်သေပြသလို ဖြစ်တာပေါ့လို့ ပြောဖြစ်ခဲ့တယ်။’ (ကိုရီးယားနိုင်ငံက ခုဆိုရင် ဗုဒ္ဓဘာသာဝင် ဦးရေထက် ခရစ်ယာန်ဘာသာဝင်တွေက ပိုများလာနေတယ်လို့ ထင်ပါတယ်။ အမေရိကကို အထင်ကြီးမှုတွေရဲ့ ရလာဒ်ပဲလေလား။)

စကားပြောရင်းနဲ့ သိလိုက်ရတာက မိသားစုဝင်တွေဟာ ဗုဒ္ဓဘာသာကို အားလုံးယုံကြည်ကြသတဲ့။ အရတော်ပေစွလို့ ဆိုရမှာပဲ။ အမေရိကမှာကတော့ တနေ့တခြား ဗုဒ္ဓဘာသာကို လေ့လာလိုက်စားသူတွေ များလာတယ်လို့ ဆိုကြလေရဲ့။ တို့ အာရှနိုင်ငံသားများကရော ဘယ်လိုများ ဖြစ်နေသလဲ ကိုယ့်ကိုယ်ကို စဉ်းစားဆင်ခြင်နိုင်ဘို့ပါ။

ထိုဒကာမကြီးက အချိန်ရလျင် ဗုဒ္ဓစာပေတွေကို လေ့လာ၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေကို သွားရောက်ကာ တရားထိုင်မှု လေ့လာမှုတွေ လုပ်နေသတဲ့။ 

ဒီလို ဗုဒ္ဒဘာသာဝင် တစ်ယောက်ဖြစ်လာမှု၊ လေ့လာလိုက်စားမှုဟာ ဗုဒ္ဓတရားတော်ရဲ့ အကောင်းအဆိုးကို သိလို့သာလျင် ဖြစ်မယ်လို့ ယုံကြည်မိတယ်။ ဒီလို သိသွားပြီဆိုရင်တော့ တရားတော်ကို နှစ်သက်သွားကြမှာ အမှန်ပါပဲ။ ထိုအမေရိကန်ဒကာမကြီးသည်လည်း မိရိုးဖလာလိုဖြစ်တဲ့ ဗုဒ္ဓဘာသာကနေ ဆက်လက်လေ့လာ သင်ယူမှုတွေကြောင့် တရားတော်ကို ပိုမိုနှစ်သက်လာပြီး ရဟန်းတော်တွေကို တွေ့မြင်လျင် စိတ်နှလုံးကြည်လင် ဝမ်းမြှောက်တတ်တဲ့ သူတစ်ယောက် ဖြစ်နေပေပြီ။ တရားတော်ကို နှစ်သက်လို့ တရားတော်၏ သွန်သင်မှု အောက်မှာ ဘဝကို သင့်တင့်မျတအောင် နေသူလို့ဆိုရပေမည်။

ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ

သန္တိကရဝိဟာရဆရာတော်
အန်ဆန်းမြို့။



No comments:

Post a Comment