Wednesday 27 November 2013

ဆွမ်းသွပ် ရက်လည် တရားနာ အမျပေးဝေး ဖိတ်ကြားလွာ

 မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းရွာမှ မသင်ဇာလင်း၏ ခင်ပွန်း သားတစ်ယောက်၏ ဖခင်ဖြစ်သူ ကိုလှမြင့် (၃၄)နှစ်သည်
 ဂျယ်ဂျူကျွန်း လိမ္မောခြံ၌အလုပ်လုပ်သောခြံ၏ နေအိမ်ခန်းတွင် သေဆုးံပြီးဖြစ်ပါသည်။
ဗုဒ္ဓဘာသာဓလေ့ ထုံးစံအတိုင်း သေသူကို ရည်စူး၍ သံဃာတော်တို့အား ဆွမ်း သင်္ကန်းများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှု ပြုလုပ်ကာ အမျှအတမ်းပေးဝေခြင်း  ပြုလုပ်မည်ဖြစ်ပါသည်။

  အမှုကိစ္စ မပြီးပြတ်သေးသော်လည်း သေသူအတွက် လုပ်သင့်သော အလုပ်ကို လုပ်၇မည်မှာ ကျန်ရစ်သူ၏ တာဝန်သာ ဖြစ်ပါသည်။ မပြီးသေးသော ကိစ္စများကို အဖြစ်မှန် (အတတ်နိုင်ဆုံး) ပေါ်ပေါက်စေဘို့ ဆက်လက်ဆောင်ရွက်ရန်လည်း ရှိနေသေးပါ၍ လိုအပ်သော အကူအညီများကို မြန်မာနိုင်ငံသား တိုင်းရင်းသားညီအစ်ကိုများမှ ဝိုင်းဝန်းနိုင်ကြစေရန် မေတ္တာရှေ့ထား အသိပေး (ကြွရောက်ကြပါ၇န်) ဖိတ်ကြားအပ်ပါသည်။

ကျန်ရစ်သူမိသားစုများ ကိုယ်စား 
သူငယ်ချင်း မွန်လူငယ်များ

အစီအစဉ်
နေ့ရက် ဒီဇင်ဘာလ (၁)ရက် တနင်္ဂနွေနေ့
မနက် ၁၀း၀၀ နာရီ ရေစက်ချ တရားနာ
မနက် ၁၁း ၁၅ နာရီ သံဃာတော်များအား နေ့ဆွမ်းကပ်
မနက် ၁၁း၃၀ နာရီမှစ၍ ကျွေးမွေးဧည့်ခံ။
နေရာ သန္တိကရဝိဟာရ၊ အန်ဆန်းမြို့

အဝေးပြန်လိုသူများ အဆင်ပြေစေ၇န် ၊ တိုင်ပင်စရာရှိသည်များကိုလည်း တိုင်ပင်နိုင်ရန် စောစီးစွာ တရားနာ အမျပေးဝေးမှုကို ပြုလုပ်ခြင်းဖြစ်ပါသည်။ 

ဆက်သွယ်၇န်
ကိုယဉ်ထွေး - ၀၁၀-၂၆၂၁-၉၂၄၃
ကိုတင်ကိုဦး - ၀၁၀-၂၆၃၅-၀၁၆၁
ကိုရွှေပါ      - ၀၁၀-၇၃၂၆-၂၈၅၇


Thursday 14 November 2013

ကူညီကြစို့ သူသားနှစ်ယောက်အတွက်

ကိုရီးယားပရဟိတအဖွဲ့ NGOတစ်ခု၏ ကူညီပေးမှု တာဝန်ယူ၍ နှလုံးရောဂါကုသရန် မြန်မာနိုင်ငံမှ ကလေးနှစ်ယောက်သည်  길병원 တွင် နှလုံးခွဲစိပ်ကုသမှု ခံယူနေပါသည်။

၁) ကလေးမြို့ တာဟမ်း တောင်ဇလပ်ရပ်ကွက် နယ်မြေ(၅)မှ ဦးစွမ်ရှင်းမုန် ဒေါ်တင်ဟွှဲကျင် ၏ သား
 မောင် ဒါလ်စွမ်စန် (၈)နှစ်သည် နှလုံးအခန်းတစ်ခုပေါက်နေ၍ ခွဲစိပ်ပြီးဖြစ်ပါသည်။ အခြေနေကောင်းမွန်၍ လန်းလန်းဆန်းဆန်းရှိပါသည်။

၂) ကျောက်ဖြူမြို့ ရခိုင်ပိုက်ဆိပ်ရပ် ဦးစံထွန်း ဒေါ်ခေင်ရွှေတို့၏ သ္မီး မခင်ဖုန်းမြတ်စံ (၅)နှစ်သည် ရန်ကုန်မှ ဆရာဝန်ကြီးများ၏ စစ်ဆေးချက်အရ နှလုံးသွေးပြန်ကြော ပြောင်းပြန်စီးဆင်းနေမှုကို ခွဲစိပ်မှု ခံယူရန် အားမွေးရင်း စောင့်ဆိုင်းနေပါသည်။
လာမည့် ဗုဒ္ဓဟူးနေ့ခန့် ခွဲစိပ်ဖွယ်ရှိပါသည်။

ဆေးကုသမှုစရိတ်အားလုံးကို ထိုပရဟိတအဖွဲ့မှ တာဝန်ယူသွားမှာဖြစ်ပါသည်။
သက်ဆိုင်သော ရပ်ဆွေရပ်မျိုးများ သွားရောက်၍ လူမှုရေးအကူညီများပေး၍ ဘာသာစကားအခက်ခဲနှင့် စကားပြန်လုပ်ပေးသူမှလွဲ၍ အသိမိတ်ဆွေ မရှိပါ၍ သွားရောက်အားပေးရင်း စိတ်ဓါတ်ခွန်အား မြှင့်တင်ပေးနိုင်ပါရန် မေတ္တာဖြင့် အသိပေးအပ်ပါသည်။

လမ်းညွန်
 인천시, 길병원 심장센터7층, 방7058 호 (032-460-3797)
ဗူဖျောင်းမှ(အင်ချွန်းလေဆိပ်-အင်ချွန်းဘတ်စ်ကားတာမီနယ်ဘက်သို့သွားသော) မြေအောက်ရထားစီး 예술회관역မှာဆင်း၊ နံပါတ်(၂)ထွက်ပေါက်မှထွက်၊ တည့်တည့်လျှောက် လမ်းလေးခွဆုံရောက်လျင် ဘယ်ဘက်ချိုးရင် လမ်းတစ်ဖက်တွင်ရှိပါသည်။ ဘူတာမှ မဝေးပါ (၁၀)မိနစ်ခန့် အလွန်ဆုံးလျှောက်လျင် ရောက်ပါသည်။
သိရှိလိုသည်များရှိပါက
အန်ဆန်းဆရာတော် ဦးသုဝဏ္ဏ (၀၁၀-၅၁၈၄-၃၅၇၈) သို့ ဆက်သွယ် စုံစမ်းနိင်ပါသည်။
လူနာများ အမြန်ကျန်းမာနိုင်ပါစေ
ကူညီလှူဒါန်းကြသူများ အားလုံးကိုလည်း ကျန်းမာချမ်းသာစေကြောင်း ဆထက်တိုး၍ ကူညီမှုတွေ လုပ်နိုင်စေကြောင်း မေတ္တာပို့သလိုက်ပါသည်။
သန္တိကရဝိဟာရဆရာတော်
အန်ဆန်း

Thursday 7 November 2013

တရားတော်ကို နှစ်သက်လို့ (၄)

တရားကို နှစ်နှစ်ကာကာ အားထုတ်သော ပုဂ္ဂိုလ်မှန်သမျှ ကိုယ်စိတ်နှလုံး ယဉ်ကျေးလာတတ်တာ ဓမ္မသဘာဝပါ။ တရားအားထုတ်ခြင်းအလုပ်ကို အချိန်အကြာမြှင့်စွာ အားထုတ်မှရယ်မဟုတ်ပါ။ တရားရဲ့ အရသာ၊ ဘဝရဲ့ အနှစ်သာရဆိုတာ ဘာလဲဆိုတာကို သိရှိသူမှန်သမျှ ဘဝကို ဘယ်လို အကျိုးရှိအောင် နေရမယ်ဆိုတာ အထိုက်အလျောက်တော့ နားလည်လာတတ်ကြပါတယ်။ နားလည်သည့်အတိုင်း သိသည့်အတိုင်း လိုက်နာနိုင်သူရှိသလို သိသိနဲ့ ဆက်မိုက်နေသူတွေလည်း နည်းမည်မထင်။ ကြီးလေမိုက်လေ ကြီးမိုက်တွေလည်း အများသားလား။

ကြုံခဲ့ဖူးတဲ့ လူတစ်ယောက်ကတော့ အချိန်ပိုင်းလေး တရားရဲ့ သဘော ဘဝရဲ့ အနှစ်သာရဆိုတာ ဘာလည်းလို့ သိလိုက်ပြီး လက်တွေ့ ကျင့်သုံးသူတစ်ယောက်အကြောင်းပေါ့။

၂၀၀၇ ခုနှစ်က မလေးရှားနိုင်ငံ ဂျိုဟိုပြည်နယ် (Kulai)ကူလိုင်းမြို့ရှိ စိတ္တသုခကျောင်းမှာ ဝါဆိုပြီး တရားဟောပြော ပြသဘို့ တရုတ်လူမျိုးတွေက ပင့်တာကြောင့် ရောက်ရှိသွားခဲ့တယ်။ စင်္ကာပူတွင် သီတင်းသုံးနေသော ဆရာတော်တစ်ပါး၏ တိုက်တွန်း အကြံပြုချက်အရ ထိုဒကာတွေက ပင့်ခြင်းတည်း။ နိုင်ငံခြားကို သွားလာလည်ပါတ်ဖူးတယ်ဆိုပေမဲ့ နိုင်ငံခြားသားတွေကို အချိန်အကြာကြီးတော့ တရားမဟောခဲ့ဖူးသေး။ အတော်တော့ ရင်တထိပ်ထိပ်ပေါ့။ တစ်ပါတ်တစ်ခါ ကြာသပတေးနေ့တိုင်း  ဘုရားရှိ ခိုး တရားထိုင် တရားဟောပေါ့။ တနင်္ဂနွေနေ့တိုင်း မြန်မာတွေ စုပေါင်းပြီး ဘုရားရှိခိုး တရားဟော။ တရားထိုင်ချင်သူတွေ လာရင် တရားထိုင်ပုံ ပြောပြ တရားဟောပေးခဲ့ရတယ်။

ထိုမြို့နှင့် (၄၅)မိနစ်ခန့် ကားမောင်းရသော နေရာတွင် ကိုတာတင်ဂီမြို့ (kotatinggi)တွင် မလေးရှားလူမျိုး သုဇီဝမထေရ် ထူထောင်ထားသော နိဂျောဓာရာမရိပ်သာရှိသည်။ လပြည့်လကွယ် ဥပုသ်ပြုဘို့ သွားဖြစ်သည်။ ထိုနေရာတွင် နာမည်ကြီးဆရာတော်ကြီးတွေလည်း တရားဟောပြော ပြသခဲ့ဖူး၊ ခုလည်း စင်္ကာပူမှ ဒကောတွေ စီစဉ်ပြီး တရားစခန်းတွေ မကြာခဏပြုလုပ်သော ဆိတ်ငြိမ် သောနေရာတစ်ခုဖြစ်သည်။

တစ်နှစ်ပြည့်လို့ မြန်မာပြည်ကို မပြန်မီ ၂၀၀၈ ခု ဗုဒ္ဓနေ့ အခမ်းအနားတွင် ဒုလ္လဘဝတ်သူတွေလည်း ရှိတာကြောင့် တရားဟောတရားပြပေးဘို့ အတွင်းရေးမှုးဒကာမကြီးက လျောက်တာကြောင့် အာမခံပြီး တတ်စွမ်းသမျှ ကြိုးစားပြီး ဆောင်ရွက်ဖြစ်ခဲ့သည်။

ထိုရက်တွင် ဒုလ္လဘဝတ်ပြီး တရားအားထုတ်သူ အရမ်းမများပေမဲ့ ရှိတဲ့ သူတွေကလည်း အချိန်ကို အကျိုးရှိစွာ အသုံးချကြသူတွေပါပဲ။ ကိုယ်ပိုင်စီးပွါးရေးကို အောင်မြင်စွာလုပ်ဆောင်နေကြသူတွေဖြစ်သည့် အလျောက် အချိန်ရှိခိုက် အားကြိုးမာန်တက် ကြိုးစားကြခြင်းဖြစ်မယ်။ စီးပွါးရေးသမားတွေဆိုပေမဲ့ အရမ်းအသက်ကြီးကြသူတွေတော့ မဟုတ်ပေ။ တစ်ယောက်မှလွဲ၍ ကျန်အားလုံးဟာ အသက်လေးဆယ်အောက်တွေကြီးပါပဲ။

တရားအားထုတ်နေတဲ့ အချိန်ကို လေ့လာကြည့်ရသလောက် တစ်ပါးသော ဒုလ္လဘကတော့ သိမ်မွေ့မှုမရှ ကြမ်းတမ်းမည့်သူပဲလို့ သုံးသပ်မိခဲ့။ ကိုးလိုးကန့်လန့်သမား ဖြစ်မယ်လို့လည်း ကောက်ချက်ချမိခဲ့တယ်။ တရားဟောပြီးလို့ တရားစစ် တရားအကြောင်းမေးကြပြောကြတဲ့အခါလည်း စကားပြောက  ဒေါင့်မကျိုးသလို။ အင်း ဒါ သူ့ ဝသီနေမှာပါပဲလို့ မှန်ချက်ချခဲ့ရ။ ထူးတာကတော့ ပြောတဲ့အတိုင်း လိုက်နာပြီး ကြိုးစားခြင်းပါပဲ။

ငါးရက်အချိန်ပြည့်လို့ လူထွက်ပြန်သွားကြသည်အထိ ဘာမှ ထူးခြားမှုတွေ မသိရ မတွေ့ခဲ့ရ။

သူတို့ လူထွက်ပြီး သုံးရက်မြှောက်နေ့ မနက် ကွာလာမ်ပူမြို့ကို ပြန်ဘို့ ထိုရိပ်သာမှ ဂျိုဟိုမြို့ရှိ ဘတ်စ်ကားတာမီနယ်ကို သွားဘို့ သူတို့လာကြိုပါရစေလို့ ဆက်သွယ်လာတာကြောင့် သူတို့လာကြိုတဲ့ကားနဲ့ လိုက်သွားဖြစ်တယ်။ ကားလက်မှတ်ဝယ်ပြီး အချိန်စောသေးလို့ စကားပြောကြတဲ့အခါမှာ တစ်ယောက်သောသူကတော့ တရားထိုင်ရတာ ကျေနပ်နှစ်သက်မှု ရရှိခဲ့ကြောင်း ခုထိ ညစာမစားဘဲ နေပြီး အချိန်ရရင် တရား အားထုတ်ျြဖစ်သေးကြောင်း ဆက်လည်းလုပ်ဖြစ်ဖြစ်အောင် ကြိုးစားမည်ဖြစ်ကြောင်း ပြောခဲ့။ ဒါကတော့ တရားအားထုတ်ဖူးကြသူတွေ ပြောတတ်တဲ့ စကားပဲလေ။

ဒေါင့်မကျိုးဘူးလို့ ထင်ခဲ့တဲ့သူကတော့ -                သူဟာ အလွန်ဒေါသ ကြီးသူဖြစ်ကြောင်း သားမယားတွေကိုလည်း ဘယ်တော့မှ ချိုသာတဲ့စကား မပြောဖူးဘူး အမြဲတမ်း ရန်ဖြစ်တတ် ကြိမ်းမောင်း ရိုက်ပုတ်တတ်ကြောင်း ပြောပြတယ်။ (အင်း ငါထင်တာ မမှားဘူးပဲလို့ စိတ်ထဲက ပြောနေဖြစ်တယ်။) သူဆက်ပြောတာက - ဒါပေမဲ့ တရားထိုင်ပြီးလို့ ပြန်တဲ့ညနေက သူ့မိသားစု အားလုံးကို ခေါ်ပြီ စကားပြောဖြစ်ခဲ့သတဲ့။ သူ့မိန်းမရှေ့ ဒူးထောက်ပြီး ယ္ခင်က ပြောမှားဆိုမှား ရှိတာတွေ ခွင့်လွတ်ဘို့ တောင်းပန်ဖြစ်ခဲ့သတဲ့။ အကယ်၍ သူ့ကို ကွဲချင်တယ်ဆိုရင်လည်း လိုအပ်တဲ့ ပစ္စည်းတွေယူပြီး သွားနိုင်ကြောင်း အားလုံးကို ခွင့်လွတ်ပြီး သူ့ကိုလည်း ခွင့်လွတ်ဘို့ နားလည်ပေးကြဘို့ တောင်းပန်ပြီး၊ တောင်းဆိုမှု တစ်ခုကိုလည်း လုပ်ခဲ့သတဲ့။ အဲဒါကတော့ အခန်းတစ်ခန်းကို တရားထိုင်ဘို့ သူ အသုံးပြုမည် ထိုအချိန် မည်သူမျှ ဝင်လာခြင်း နှောက်ယှက်ခြင်း မပြုကြရန်ပါတဲ့။ ရှစ်ပါးသီလကိုလည်း ဆက်လက်ပြီး စောင့်ထိမ်းသွားဘို့ ရှိကြောင်း ပြောပြခဲ့သတဲ့။

ထိုစကားများကို ကြားရတော့ သူ့ဇနီးက ငိုပါသတဲ့။ ဝမ်းသာလွန်းလို့ပါတဲ့။ အမြဲတမ်း အပြစ်ပြော  အော်ငေါက် ရိုက်ပုတ်လေ့ရှိတဲ့ သူ့ယောက်ျားဆီက ထိုကဲ့သို့ ထူးဆန်းတဲ့စကားကို ကြားလိုက်ရတော့ သူ့ကိုယ်သူလည်း မယုံနိုင်ကြောင်း အရမ်းဝမ်းသာကြောင်း သူ့အမျိုးသားရဲ့ ဆန္ဒတွေကိုလည်း ကြည်ဖြူစွာ လိုက်လျောခဲ့ပါသတဲ့။

ထိုကဲ့သို့ စိတ်တွေ ပြောင်းလဲသွားတာဟာ တခဏ တရားထိုင်လိုက်ရတဲ့ အချိန်အတွင်း စိတ်ချမ်းသာမှု အနည်းငယ် ရရှိပြီး သူလုပ်ခဲ့တဲ့ အမှားတွေကို ပြန်သတိရကာ စိတ်မကောင်းဖြစ်ခဲ့ရကြောင်း၊ သူ့ကြောင့် သူ့မိသားစုတွေ ဘယ်လောက်များ စိတ်ဆင်းရဲကြလေမလဲလို့ တွေးမိခဲ့တဲ့အကြောင်း၊ ထိုကဲ့သို့ စိတ်ချမ်းသာမှုကို အမြဲတမ်း ဖြစ်စေချင်တဲ့အတွက် အချိန်ရတိုင်း တရားမှတ်ဘို့ ဆုံးဖြတ်ဖြစ်ခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့တယ်။

တရားရနံ့သည် နေရာဌာနုတိုင်းကို ပျံနှံ့နိုင်သလို တရားရနံ့ကိုလည်း သူတော်ကောင်းတိုင်း ကြိုက်နှစ်သက်ကြစမြဲပါ။ တရားရနံ့ကို ကြိုက်နှစ်သက်လို့ အမြဲတမ်း စိတ်ဆင်းရဲနေရတဲ့ မိသားစုလေး ပျော်ရွှင်တဲ့ ဘဝလေးကို ရရှိသွားကြပြီပေါ့။

ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ
သန္တိကရဆရာတော်
အန်ဆန်းမြို့