Sunday 29 April 2012

မမေ့ကြနဲ့  မွေးရပ်မြေ



ပညာရေးပဒေသာပင်အလှူပွဲ


မမေ့ကြနဲ့  မွေး၇ပ်မြေ
မင်္ဂလာပါ လို့ နှစ်သစ်ကူးမှာ ဆုတောင်းမေတ္တာပို့ သကာ နုတ်ခွန်းဆက်ပြောရမဲ့စကား ခုတော့ နောက်ကျသလိုများ ဖြစ်နေမလား၊ ဘာပဲဖြစ်ဖြစ်လေ ကောင်းတဲ့စကား ကောင်းတဲ့အလုပ်ဆိုတာ နောက်ကျတယ်မရှိပါဘူးနော့်။ ကောင်းတဲ့အလုပ်မှန်သမျှကို လုပ်ဘို့ မမေ့ကြစေဘို့ ပါ။
မမေ့ကောင်းတဲ့အရာသုံးမျိုးကို ဘုရားရှင်သက်တော်ထင်ရှားရှိတုန်းက ဟောခဲ့ပါတယ်။
၁။ ဘုရား၊တရား၊သံဃာ။
၂။ သေခြင်းတရား။
၃။ အပ္ပမာဒ(မမေ့မလျော့သောသတိတရား)။
*ဒုက္ခတွေ ဘယ်လောက်ကြုံကြုံ၊ စည်းစိမ်တွေ ဘယ်လောက်တိုးတိုး၊
ဘုရားအပေါ် တရားအပေါ် သံဃာအပေါ်မှာ မမေ့ကောင်းဘူး။
*စား ၀တ် နေရေးသာ ကြောက်လန့်တကြား ရှာဖွေနေကြတယ်၊
သေရေးတော့ကိုယ်နှင့်မဆိုင်သလို၊ သေခြင်းတရား မမေ့ကောင်းဘူး။
*မမေ့မလျော့သော သတိတရားဖြင့် တရားအားထုတ်ကြရန်
မကြာခဏ သတိပေး ဟောကြားခဲ့လေသည်၊ အပ္ပမာဒ မမေ့ကောင်းဘူး။
မမေ့ရမဲ့အရာတွေကတော့ အများကြီးပါပဲ သက်ရှိသတ္တဝါနဲ့ ပတ်သက်လို့ ၊ သက်မဲ့အရာဝတ္ထုတွေနဲ့ ပါတ်သက်လို့အစုံပါပဲ၊ ဗုဒ္ဓကလည်း သတ္တဝါအများ ယခုဘဝ နောက်ဘဝ သံသရာတစ်လျှောက်လုံးအတွက၊် နောက်ဆုံးပန်းတိုင်အနေနဲ့  ဒုက္ခအားလုံးမရှိရာ နိဗ္ဗာန်ကို ရောက်အောင် မမေ့မလျော့ နေကြဘို့ ညွှန်ပြထားတယ်မဟုတ်လား။ တို့မြန်မာလူမျိုးများဟာ ဗုဒ္ဓဘာသာဝင် ဖြစ်သည့်အားလျှော်စွာ ရတနာသုံးပါးကိုတော့ မမေ့ကြပါဘူး။ ဒါပေမဲ့ သေခြင်းတရားနဲ့ အပ္ပမာဒခေါ်တဲ့ အရာတွေကိုတော့ မေ့နေသလိုပါပဲ၊ သေလောက်တဲ့ ကျန်းမာေ၇း ဖေါက်ပြန်မှုနဲ့ မကြုံတွေ့ ရသေးတဲ့ အချိန်ထိဆိုပါတော့။
မမေ့သင့်တဲ့ အရာတွေအများကြီးထဲက လူတိုင်းမမေ့သင့်တဲ့ အရာတစ်ခုကတော့ မွေးရပ်မြေပါပဲ။ အချို့ ပုဂ္ဂိုလ်တွေက ကိုယ်ကြီးပွါးချမ်းသာလာတဲ့အခါမှာ ကိုယ်ရဲ့ မွေးရပ်မြေကို ပြန်လည်စောင့်ရှောက် ကူညီထောက်ပံ့မှု ပေးဘို့ နေနေသာသာ ကိုယ့်မွေးရပ်မြေရဲ့ အမည်နာမကိုတောင် မဖေါ်ပြချင်သူတွေ ရှိကြသေးရဲ့ ။ မဖြစ်သင့်ဘူးပေါ့။ ကိုယ့်ကိုမွေးပေးတဲ့ အမေဟာ အမေပဲလေ၊ သူဟာသူ ဘဝပေးအခြေနေအရ ဘယ်လိုပဲ အသက်မွေးနေပါစေပေါ့။ ဒီလိုပါပဲ ကိုယ်မွေးရပ်မြေဟာ အလွန်ဝေးလံခေါင်သီတဲ့အရပ်၊ ဖွံ့ ဖြိုးမှု ဘာမှ မရှိတဲ့အရပ်ဖြစ်ပါစေ မေ့လို့မဖြစ်ဘူး၊ မမေ့သင့်ဘူး။
ကိုယ့်မွေးရပ်မြေအတွက် တတ်နိုင်တဲ့ဘက်က ပြန်လည်အကျိုးပြုပေးနိုင်ရမယ်။ တချို့ က ကိုယ်မှ ဒီရွာမှာ မနေတော့တာပဲ ရွာမှာ သွားလှူနေစရာ ကူညီထောက်ပံ့ပေးနေစရာမလိုပါဘူး၊ ကိုယ်လှူလို့လည်း သိပ်ထူးမှာမှ မဟုတ်တာဆိုပြီး ပြီးစလွယ်ပြောတတ်ကြ၊ မေ့ပျောက်ဘို့ ကြိုးစားကြတယ်။
အလှူအတန်းနဲ့ ပတ်သက်လို့ အသိတရား နည်းနည်းလေးများ ရပါစေတော့ဆိုတဲ့ ရည်ရွယ်ချက်နှင့်အတူ ကိုယ့်မွေး၇ပ်မြေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ပဲ အဖြစ်ဖြစ်ဆိုပြီး နှမ်းတစ်စေ့ကြောင့်တော့ ဆီမဖြစ်ပေမဲ့ အဲဒီနှမ်းတစ်စေ့မှာလည်း ဆီဖြစ်စေနိုင်တဲ့သတ္တိလေးတော့ ရှိပါလား ဆိုတဲ့ အသိကိုပေးတဲ့အနေနဲ့  ကိုယ့်မွေးရပ်မြေက ထွက်သွားတဲ့သူတွေ မလုပ်ဖြစ်သေးတဲ့ အလုပ်ကလေးကို လုပ်ဖြစ်တာ ပြောချင်လို့ ပါ။ ငါကွလို့ ကြွားဝါဘို့  ရည်ရွယ်ချက်လုံးဝ(လုံးဝ) မပါပါ။
မန္တလေး မြစ်ကြီးနား ရထားလမ်းပေါ်မှာ ရှိတဲ့ ကောလင်းမြို့၊ ထိုမှတဆင့် လမ်းလျှောက်ရင် နာရီဝက်ခန့်၊ ခုခေတ် မော်တော်ဆိုင်ကယ်နဲ့ ဆို ငါးမိနစ်ကျော်မျှသာဝေးတဲ့ မြို့ရဲ့တောင်ဘက် နှစ်မိုင်သာဝေးတဲ့အရပ်မှာရှိတဲ့ အိမ်ခြေတစ်ရာမပြည့်တဲ့ သ၇က်ခုံရွာကလေး။ ထို၇ွာကလေးဟာ ဦးဇင်းရဲ့ မွေး၇ပ်မြေ ဒီ၇ွာမှာရှိတဲ့ ကျောင်းသားလေးတွေ ဆယ်တန်းပြီးလို့ တက္ကသိုလ်တက်ဘို့ အခက်ခဲဖြစ်နေတဲ့ သူတွေအတွက် အထောက်အပံ့ အနည်းငယ်မှ ဖြစ်ပါစေတော့၊ အဆင်ပြေသူအတွက်ကတော့ မုန့် ဘိုးပေးတဲ့သဘောပေါ့။ ပညာရေးပဒေသာပင်စိုက်ထူတဲ့ အနေနဲ့  မြန်မာကျပ်ငွေ ဆယ်သိန်းကို ရွာက လူကြီးတွေထံ အပ်နှံလို့  အဖွဲ့ လေးတစ်ခု ဖွဲ့ စည်းကာ လုပ်ရမဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး လှူဒါန်းဖြစ်ခဲ့တယ်။ နောက်ထပ် သုံးသိန်းကိုတော့ ရွာက မူလတန်းကျောင်းရံပုံငွေအတွက် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ ထံ လွဲအပ်လှူဒါန်းခဲ့တယ်။ ဒီကျောင်းက ပြီးခဲ့တဲ့နှစ်ကစလို့ ကျောင်းသားတွေအတွက် သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့ပေးနေတာဆိုတော့ ရံပုံငွေများများလိုအပ်တယ်မဟုတ်လား။
ဒီပဒေသာပင်ငွေက ဘယ်တော့မှ မကုန်မဲ့ငွေ၊ တစိမ့်စိမ့်နဲ့  တရိပ်တရိပ်တိုးလာမဲ့ အတိုးတွေနဲ့ ထောက်ပံ့ပေးမဲ့ အစီစဉ်ပေါ့။ ထပ်မထည့်နိုင်ပေမဲ့ အတိုးက အရင်းဖြစ်ပြီး အရင်းတွေ ထပ်တို့းပွါးလာမှာမို့  အတိုးတွေလည်း ထပ်ပွါးလာမဲ့ စနစ်ဆိုတော့လေ။ ဒီစနစ်က ဒီရွာမှာ နှစ်အတော်ကြာကတည်းက ကျင့်သုံးနေတဲ့ ကောင်းတဲ့ အဆင်ပြေတဲ့ နည်းစနစ်လေ။ ကိုယ့်စိတ်ကူးကို ရွာကလူကြီးများရဲ့  ကြီးကြပ်မှုဖြင့် အကောင်ထည်ဖေါ်ဖြစ်ခဲ့တယ်။
လှူဒါန်းပွဲကို အခမ်းနားလေးနဲ့  လုပ်ဖြစ်ခဲ့ပေမဲ့ အလှူပေးမဲ့သူ၊ လက်ခံယူမဲ့သူ၊ ကျောင်းသားတွေနဲ့ သူတို့ မိဘတွေ၊ ကျောင်းဆရာ ဆရာမတွေနဲ့ ပဲ ကျင်းပဖြစ်ခဲ့တယ်။ အားလုံးကလည်း အလုပ်များနေကြချိန်ဖြစ်နေတော့ မြို့ပေါ်ကဆိုလို့ ဘယ်သူ့ ကိုမှ မဖိတ်ဖြစ်တော့ဘူးပေါ့။ ဘာကြောင့် ဒီအလှူပွဲကို လုပ်ရသလဲဆိုတာကို နားထောင်ပေးမဲ့ ပရိတ်သတ်အနေနဲ့ ရွာကလူတွေ ရှိရင်ပြီးတာပဲ မဟုတ်လား။ မကြီးကျယ်ပေမဲ့ ခမ်းနားတဲ့ အလှူပွဲလေးပေါ့။
တစ်နှစ်ခွဲကျော်ကြာ မရောက်ဖြစ်တဲ့ မွေးရပ်မြေဆီ ခုလို အလည်ပြန်ဖြစ်လိုက်တဲ့ အခိုက်မှာ ကမ္ဘာမှာ အတိုးတက်ဆုံးလို့ စာရင်းသွင်းခံထားရတဲ့(ကိုယ့်အထင်) ကိုရီးယားလို
နိုင်ငံမှာ နေနေပေမဲ့ တိုးတက်မှုနည်းသေးတဲ့ ကိုယ့်မွေးရပ်မြေကို အမြဲအမှတ်ရနေ၊ မမေ့ဘူးဆိုတာကို ပြတဲ့အနေနဲ့  ခုလိုထောက်ပံ့လှူဒါန်းမှုကို ပြုခဲ့တဲ့ ပုံရိပ်ဟာ နှလုံးသားထဲက ဘယ်တော့မှ ပျောက်ပျက်သွားမှာမဟုတ်ပါဘူး။ မွေး၇ပ်မြေကို မမေ့ကြစေဘို့ပါ။
ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ
သန္တိကရဝိဟာရဆ၇ာတော်
အန်ဆန်းမြို့

Sunday 22 April 2012

ဘုရားအနေကဇာတင်အောင်ပွဲ

ယနေ့ မနက်ပြုလုပ်သော ဘုရားအနေကဇာတင်ပွဲနှင့် နှစ်သစ်ကူးအလှူသို့ မိုးရွာသည့်ကြားမှ ကြွရောက်ချီးမြောက်ပေးသော မြန်မာဗုဒ္ဓသာသနာပြုကျောင်းဆရာတော်နှင် ဧည့်ပရိတ်သတ်အပေါင်းအား ကျေးဇူးအထူးတင်ရှိပါကြောင်း ကျွန်တော်များ စိတ္တသာမဂ္ဂီ (စိတ်တူညီမျှ ရွှေညီအစ်ကိုများ)အဖွဲ့  ကိုယ်စား သန္တိကရဝိဟာရကျောင်း အဖွဲ့ မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ကြောင်း
ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ
သန္တိကရဝိဟာရ

Tuesday 17 April 2012

နှစ်သစ်ကူးအလှူဖိတ်ကြားခြင်း

ဘုရားအနေကဇာတင်နှင့် နှစ်သစ်ကူးအလှူ
နှစ်ဟောင်းကုန်ပျောက်နှစ်သစ်ရောက်ရာ ခုလို မင်္ဂလာရှိသော အချိန်ခါသမယ၌ နှစ်ဟောင်းက အညစ်ကြေးများကို ကုသိုလ်ေ၇စင်ဖြင့် ဆေးကြောကာ နှစ်သစ်မှာ ကျက်သရေမင်္ဂလာအပေါင်း ခညောင်းဘို့ ရန် စိတ်ရည်သန်လျက် ကျွန်တော်များ စိတ္တသာမဂ္ဂီ (စိတ်ထားတူညီ ရွှေညီအစ်ကိုများ)အဖွဲ့ မှ စုဆောင်း၍ သန္တိကရဝိဟာရကျောင်းတော်သစ်၌ လှူဒါန်းပူဇော်ထားသော ရုပ်ပွါးတော်ကို အနေကဇာတင်ပွဲ ကျင်းပ၍ သံဃာတော်အရှင်သူမြတ်တို့ အား အရုဏ် နှင့် နေ့ ဆွမ်းဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုကို အမျှအတမ်း ပေးဝေပြီး၊ ကြွရောက်လာမည့် ဧည့်ပရိတ်သတ်အပေါင်းအား အုံးနို့ ခေါက်ဆွဲဖြင့်ကျွေးမွေးဧည့်ခံ ကုသိုလ်ယူလိုပါသဖြင့် ကြွရောက်ကြပါရန် ကျွန်တော်များ စိတ္တသာမဂ္ဂီ (စိတ်ထားတူညီ ရွှေညီအစ်ကိုများ) အဖွဲ့ မှလေးမြတ်စွာဖြင့် ဖိတ်ကြားအပ်ပါသည်။
အစီအစဉ်
၂၁၊ ၄၊၂၀၁၂ စနေနေ့ ည - ဘုရားရောင်တော်ဖွင့်
၂၂၊ ၄၊ ၂၀၁၂ တနင်္ဂနွေနေ့  မနက် ဘု၇ားအနေကဇာတင်ပွဲ
။ ၆း နာရီခန့် အရုဏ်ဆွမ်းကပ်လှူ
။ ရး နာရီခန့်  ရေစက်ချ တရားနာ
နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်းမြို့ (santikaravihara.blogspot.com)

Saturday 14 April 2012

သာဓုခေါ်ရအောင်ပါ

သာဓုခေါ်စေချင်လို့ 
ဘုရားအလောင်းတော်သည် ဘ၀များစွာ ပါရမီတို့ကို ဖြည့်ကျင့်ရာ၌ ရည်မှန်းချက်ကြီးသုံးချက်ကို ဦးထိပ်ထား၍ ကျင့်ဆောင်ခဲ့သည်။
(၁) လောကတ္ထစရိယာ = လောကလူသား၊ ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါအများ ကောင်းစားချမ်းသာရေး ကျင့်စဉ်၊
(၂) ဉာတတ္ထစရိယာ = မိမိ၏အမျိုးသား မိမိလူမျိုးကောင်းစား ချမ်းသာရေးကျင့်စဉ်၊
(၃) ဗုဒ္ဓတ္ထစရိယာ = သတ္တ၀ါများကို သံသရာဝဋ်ဆင်းရဲမှ ကယ်တင်နိုင်သော သဗ္ဗညုဘုရား ဖြစ်ရေးကျင့်စဉ်။
ဘ၀တိုင်း၊ ပါရမီဖြည့်ကျင့်တိုင်း ဤရည်မှန်းချက်ကြီးသုံးရပ်ကို ဦးထိပ်ထားခဲ့လေသည်၊ စရိယာသုံးပါး ဟု ခေါ်၏။
ရှေးရှေး သူတော်ကောင်းကြီးများဟာ အလုပ်တစ်ခုလုပ်တဲ့အခါ ကိုယ့်အကျိုး၊ ကိုယ့်အမျိုးအတွက် တစ်ခုတည်းသာ မကြည့်ဘဲ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ လူသားတွေ၊ သက်ရှိသတ္တဝါတွေ၊ ကမ္ဘာလောကကြီးမှာရှိတဲ့ လူသားတွေ သက်ရှိသတ္တဝါတွေ အားလုံးအတွက် စဉ်းစားပြီး လုပ်လေ့ရှိကြတယ်။ အားကျစရာပေါ့။ ယနေ့ ခေတ်မှာလည်း တတ်နိုင်၊စွမ်းနိုင်ကြတဲ့သူတွေ အားလုံးကလည်း ကိုယ်စွမ်းရာကနေ ကြိုးစားအားထုတ်ကြကာ အများအကျိုးအတွက် ဆောင်ရွက်လုပ်ဆောင်နေကြတာ မြင်ရ၊ ကြားရ အားကျစရာမဟုတ်ပါလား။
သန္တိကရဝိဟာရဆရာတော်သည်လည်း လူသားထဲက လူသားတစ်ယောက်၊ ဗုဒ္ဓရဲ့ လမ်းစဉ်ကို အတတ်နိုင်ဆုံး မတိမ်းစောင်းအောင် ကြိုးစားနေတဲ့ ဘုန်းကြီးတစ်ပါးဖြစ်လေတော့ ကောင်းတဲ့လုပ်ငန်း၊ အများအကျိုးပြုလုပ်ငန်းတွေကို စဉ်းစားနေမိ၊ စိတ်ဝင်စားမိနေတာ လွန်မယ်မထင်ပါဘူး။ ဒါပေမဲ့ အခြေနေနဲ့ အချိန်ခါက အခွင့်ရေး မပေးသေးတော့ စိတ်စေရာနောက် မလိုက်နိုင်ခဲ့ပါဘူး။ အဲ လုံးဝကြီး မေ့လျော့ထားနေတာတော့ မဟုတ်ပါဘူး တတ်နိုင်တဲ့ နေရာက တတ်နိင်သလောက်တော့ တာဝန်ယူနေခဲ့ပါတယ်။ သူများတွေရဲ့ အလှူထဲ နည်းနည်းစီ ထည့်ဝင်သလိုမျိုး၊ သူများတွေ လုပ်ချင်တဲ့ကုသိုလ်အလုပ်ကလေးတွေကို ဦးဆောင်စီစဉ်ပေးသလိုမျိုးပေါ့။
တခြားမြို့ရွာ၊ ဒေသတွေမှာ မလုပ်နိုင်တာထက် ကိုယ့်မွေးရပ်မြေမှာ ဘာမှ(များများစားစား) မလုပ်ပေးနိုင်သေးပါလားလို့ စဉ်းစားမိလိုက်တိုင်း စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါပဲ။ ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်း၊ သိတတ်ခြင်းဟာ ကောင်းမြတ်တဲ့ စိတ်ဓါတ်လို့ ဆိုတယ်မဟုတ်လား။ ဒါကြောင့် အထက်တန်းအောင်ပြီ တက္ကသိုလ်တက်ကြမဲ့ ကျောင်းသား/သူတွေအတွက် တစ်ဖက်တစ်လမ်းက နည်းများမဆို ကူညီနိုင်ဘို့  ပဒေသာပင်စိုက်ထူပြီး ကူညီနိုင်ရင်ကောင်းမှာပဲလို့ စဉ်းစားလိုက်မိတယ်။ ဒါဟာ တစ်သက်လုံး မပျောက်ပျက်ဘဲ အရင်းလည်းထပ်များနိုင်၊ အတိုးတည်းနဲ့ ပဲ ကူညီထောက်ပံ့နိုင်မဲ့ အစီစဉ်ပဲလေ။ တာဝန်လည်းသိပ်မကြီး အကျိုးလည်းဖြစ်ဆိုတော့ အားလုံးကလည်းနှစ်သက်ကြပေါ့။ ကိုယ့်မွေးရပ်မြေမှာ ဘယ်သူမှ ခုလို မလုပ်သေးတော့ တစ်ခြားသူတွေကို ဒီလို လုပ်ရင်ဖြစ်နိုင်တယ်ဆိုတဲ့ Message ကိုလည်းပေးရာရောက်၊ ခုလို့ ကြီးပွါးတိုးတက်တဲ့နိုင်ငံမှာ နေနေပေမဲ့ ကိုယ့်မွေးရပ်မြေ ကျေးလက်တောရွာလေးကို မမေ့ဘူးဆိုတာကိုလည်း သိစေချင်လို့ ပေါ့။
ကြွားတာမဟုတ်ပါ ထင်ပေါ်အောင် စင်ပေါ်တက်တာလည်းမဟုတ်ပါ။ ခုလို လှူဖြစ်လိုက်တဲ့ ငွေတွေအားလုံးဟာ ကိုရီးယားမှာ အလုပ်လုပ်နေကြတဲ့ ရွှေမြန်မာတွေရဲ့ ချွှေးနဲ့ သွေးနဲ့ ရင်းလို့ ရပြီးလှူတဲ့ငွေ၊ ကိုရီးယားလူမျိုးတွေက လှူလို့ ရတဲ့လာဘ်လာဘတွေပါပဲ။ အထူးသဖြင့် ၂၀၁၂ ခု၊ ဇန္နဝါရီ ၁ ရက်နေ့ က ပြုလုပ်ခဲ့တဲ့ ဆရာတော်ရဲ့ မွေးနေ့  အားလုံးက ဝိုင်းဝန်းလှူဒါန်းကြတဲ့ ငွေကြေးတွေကို ပဒေသာပင် စိုထူလိုက်တာပါ။ ကျန်တဲ့အလှူတွေကိုတော့ လိုအပ်မယ်ထင်လို့ ၊ လှူသင့်တဲ့ နေရာကို ကိုယ်အသုံးငွေတွေကို ချွေတာလို့ လှူလိုက်တာပါ။
ဒီနေရာမှာ ပြောစရာတစ်ခုက မူလတန်းကျောင်းအတွက် လှူတဲ့ ငွေ သုံးသိန်းကတော့ ဆရာတော်ကို ကိုရီးယားကို ပင့်ဆောင်ခဲ့တဲ့ ကွန်လွန်သွားပြီဖြစ်တဲ့ ကိုရီးယား ဘိက္ခုနီကြီးက လှူတဲ့ငွေပါ။ သူကွယ်လွန်တော့ သူအိပ်ထဲမှာကျန်ခဲ့တာတဲ့။ ဒါကြောင့် အကျိုးရှိမဲ့နေရာကိုလှူလိုက်တဲ့သဘော။ ဒီကျောင်းက ကျောင်းသား/သူများအတွက် သင်ထောက်ကူပစ္စည်းကို လှူဒါန်းနေတဲ့ကျောင်းကိုး။
ဒီလို့ လှူဖြစ်တာလေးတွေကို သိ၊ ကြား၊ ဖတ်ရ၊ မြင်ရလို့ သာဓုခေါ်ကာ မုဒိတာပွါး ဝမ်းမြောက်နိုင်စေဘို့ ပါ။ အလှူစာရင်းကို အောက်မှာကြည့်ပါ-

၁။ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ သရက်ခုံရွာ တက္ကသိုလ်ကျောင်းသားများ ပညာရေးပဒေသာပင်အတွက် (၁၀) သိန်းကျပ်။
၂။ မူလတန်းကျောင်းအတွက် (၃)သိန်းကျပ်။
၃။ မိုးကုတ်မြို့၊ ဘော်ဗဒါန်းရွာ၊ တွဲဘက်အလယ်တန်းကျောင်း ဆရာအတတ်သင်တက်မည့်ကျောင်းသား/သူများပညာရေးပဒေသာပင်အတွက် (၂) သိန်းကျပ်။
၎။ အထက်တန်းကျောင်းသားတစ်ယောက်အတွက် တစ်နှစ်စာ ပညာသင်စရိတ် ထောက်ပံ့ (ဆ၇ာများ၏သတ်မှတ်ငွေ) (၆)သောင်းအတွက် (၈)သောင်းကျပ်။
၅။ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့၊ အောင်သုခပရိယတ္တိစာသင်တိုက်အတွင်း ဆောက်လုပ်ဆဲ ရေလောင်းကုဋီ (အိမ်သာ) တစ်ခန်းအတွက်(၄သိန်းခွဲကို) ကိုရီးယားရောက်ကျောင်းသားများနှင့် စုပေါင်းလှူဒါန်းရာတွင် (၁)သိန်းကျပ်။
၆။ ရန်ကုန်တိုင်း၊ သာကေတ၊ (၇) ရပ်ကွက်၊ မဟာစေတီတိုက်အတွင်းရှိ အောင်မင်္ဂလာပုပ္ပါးကျောင်းအတွင်း ဆောက်လုပ်ဆဲ ကျောင်းဆောင်သစ်အတွက် (၁) သိန်းကျပ်။
၇။ ရန်ကုန်၊ မဟာစည်သာသနာ့ရိပ်သာ၊ ဆေးပဒေသာပင်အတွက် (၁) သိန်းကျပ်။
၈။ ရန်ကုန်၊ နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ်၊ ဇီဝကဆေးခန်းမှ ထောက်ပံ့ပေးမဲ့ တောင်တန်းသာသနာပြုသံဃာများ ပဒေသာပင်အတွက် (၁) သိန်းကျပ်။
၉။ ရန်ကုန်၊ နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ် ကျောင်းသားဟောင်းများအဖွဲ့ 
ရံပုံငွေအတွက် (၁) သိန်းကျပ်။
၁၀။ မန္တလေးတိုင်း၊ မတ္တရာမြို့ ၊သဒ္ဓမ္မဇောတိကာရုံကျောင်းဆရာတော် ဦးဝိသုဒ္ဓါစာရာဘိဝံသ၏ အဂ္ဂမဟာပဏ္ဍိတ ဂုဏပူဇာပွဲအတွက် (၁) သိန်းကျပ်။
၁၁။ ကွယ်လွန်လေပြီးသော မိဘနှစ်ပါးနှင့် အစ်ကိုကြီးအတွက် ရည်စူးပြီး သံဃာတော် (၁၅) ပါးပင့်ကာ မိဘအိမ်၌ ဆွေမျိုးများနှင့် အတူ ကုသိုလ်ပြု အမျှပေးဝေမှု။
၁၂။ မွေးရပ်မြေ သရက်ခုံရွာ၌ ဘိုးဘွားများဆောက်လုပ်ခဲ့သော ဇရပ်ပြန်လည်ဆောက်လုပ်ရန်အတွက် ဆွေမျိုးများ၏ အမွေဆက်ခံမှုအတွက် (၁) သိန်းကျပ်။

ပြန်ရောက်လာပြီ စံဌာနီ

ပြန်ရောက်လာပြီ အွန်စောတို့ ဌာနီ
မပြန်ဖြစ်တာ တစ်နှစ်ခွဲကျော်ကြာပြီဖြစ်လို့  လုပ်ရမဲ့သမိုင်းပေးတာဝန်တွေကိုလည်း ဖြည့်ဆည်းရင်း ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ က မွေးရပ်ဌာနီ မြန်မာပြည်ကို ပြန်သွားလိုက်လို့ အွန်စောတို့ ဌာနေနဲ့  ဝေးကွာသွားတာ ရက်ပေါင်း (၄၃) ရက်တောင် ရှိသွားခဲ့တယ်။
ဒီလောက်ကြာတဲ့ ရက်အတွင်းမှာ သာမန်အားဖြင့်တော့ မွေးရပ်မြေ အလွမ်းပြေ ကိုယ်သွားလိုရာကိုသွား စားချင်တာကိုစားလို့  တွေ့ ချင်တဲ့သူတွေနဲ့  တွေ့ ရလိမ့်မယ်လို့  ထင်ခဲ့ပေမဲ့ မသွားခဲ့ရ၊ မစားခဲ့ရ၊ မတွေ့ ခဲ့ရပါ။
အကြောင်းကတော့ သွားချင်ရာကိုသွားဘို့ ထက် သွားသင့်တဲ့နေရာကိုပဲ သွားနေ၇လို့ ၊ စားချင်တာတွေကို စားလိုက်ချင်ပေမဲ့ အစားမတော် တစ်လုပ်တဲ့ ခရီးသွားလာနေချိန်လည်းဖြစ် ကိုယ်ကျန်းမာရေးကလည်း အဆင်မပြေဆိုတော့ မသွားနိုင် မလာနိုင်အောင် ဖြစ်သွားရင် မတော်ပါလားဆိုတဲ့ ဆင်ခြင်မှုလေးနဲ့  စားချင်ပေမဲ့ စားသင့်ရာကိုသာ ရွေးစားခဲ့ရလို့ လေ။
တွေ့ ချင်သူတွေများပေမဲ့ (ကိုယ့်ကိုတွေ့ ချင်သူတွေ များတယ်လို့ မဆိုချင်ပါ) တွေ့ သင့်သူ၊ ကိုယ့်အပေါ် ကျေးဇူးအလွန်များသူတွေကိုသာ အဓိကထား သွားတွေ့ နေရလို့ ၊ ပြီးတော့ ရာသီဥတုပြောင်းလဲ ဖေါက်ပြန်မှုတွေကြောင့် တွေ့ ချင်ပေမဲ့ မသွားနိုင်လို့  မတွေ့ နိုင်လိုက်သူတွေလည်း ရှိနေခဲ့၊ လုပ်သင့်တဲ့ လုပ်ဆောင်ပေးရမဲ့ တာဝန်တွေကို ပြီးပြည့်စုံအောင် မလုပ်ဆောင်နိုင်ခဲ့တာတွေလည်းရှိခဲ့၊ နောက် တစ်ခေါက်မှ ပြီးမြောက်အောင် တာဝန်ကျေပါရစေလို့  တောင်းပန်မှုတွေနဲ့  ဖြေသိမ့်ခဲ့ရတာလည်း ရှိခဲ့၊ တာဝန်ကိုသိသူမှာ တာဝန်ရှိတယ်တဲ့။ တာဝန်ကိုသိသူလို့  ကိုယ်ကိုယ်ကို မဆိုလိုပေမဲ့ တာဝန်ရှိတယ်လို့ တော့ ခံယူထားလို့ ပါ။
ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်ရမဲ့၊ လုပ်ဘို့ စီစဉ်ထားတဲ့ လုပ်ချင်ခဲ့တဲ့ အလုပ်တာဝန်တွေကိုတော့ ပြီးမြောက်အောင် လုပ်ဆောင်လို့  ကိုယ့်နေရာဌာနလိုဖြစ်နေတဲ့ အွန်စောတို့ ဌာနေကို အဆင်ပြေချောမောစွာ ဧပရယ် (၁၁) ရက်နေ့ မနက်က ပြန်ရောက်လို့ လာပါပြီ။
ရွှေမြန်မာ ညီအစ်ကိုများ ဘေးဘယာအပေါင်းဝေးကွာညောင်း၍ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။
ချမ်းသာစွာ အိပ်စက်၊နိုးထနိုင်ကြပါစေ
သန္တိကရဝိဟာရဆရာတော်

Friday 13 April 2012

သင်္ကြန်ပွဲတော်အလွမ်းပြေ "သင်္ကြန်မိုး"ရုပ်ရှင်ဇာတ်ကား

နှစ်သစ်မှာအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။။လွန်ခဲ့တဲ့ဆယ်စုနှစ် ၂ခုကျော်လောက်ကထင်ရှားခဲ့တဲ့ သင်္ကြန်မိုး ဖလင်ရုပ်ရှင်ဇာတ်ကားကြီးကိုမြန်မာပြည်နဲ့သင်္ကြန်ပွဲတော်အလွမ်းပြေကြည့်ရှူ့ခံစားနိုင်စေရန်။



တန်ခူးလပြည့်ကျော် ၇ရက် သင်္ကြအကျနေ့
2012/4/13 Fri