Saturday 14 April 2012

သာဓုခေါ်ရအောင်ပါ

သာဓုခေါ်စေချင်လို့ 
ဘုရားအလောင်းတော်သည် ဘ၀များစွာ ပါရမီတို့ကို ဖြည့်ကျင့်ရာ၌ ရည်မှန်းချက်ကြီးသုံးချက်ကို ဦးထိပ်ထား၍ ကျင့်ဆောင်ခဲ့သည်။
(၁) လောကတ္ထစရိယာ = လောကလူသား၊ ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါအများ ကောင်းစားချမ်းသာရေး ကျင့်စဉ်၊
(၂) ဉာတတ္ထစရိယာ = မိမိ၏အမျိုးသား မိမိလူမျိုးကောင်းစား ချမ်းသာရေးကျင့်စဉ်၊
(၃) ဗုဒ္ဓတ္ထစရိယာ = သတ္တ၀ါများကို သံသရာဝဋ်ဆင်းရဲမှ ကယ်တင်နိုင်သော သဗ္ဗညုဘုရား ဖြစ်ရေးကျင့်စဉ်။
ဘ၀တိုင်း၊ ပါရမီဖြည့်ကျင့်တိုင်း ဤရည်မှန်းချက်ကြီးသုံးရပ်ကို ဦးထိပ်ထားခဲ့လေသည်၊ စရိယာသုံးပါး ဟု ခေါ်၏။
ရှေးရှေး သူတော်ကောင်းကြီးများဟာ အလုပ်တစ်ခုလုပ်တဲ့အခါ ကိုယ့်အကျိုး၊ ကိုယ့်အမျိုးအတွက် တစ်ခုတည်းသာ မကြည့်ဘဲ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ လူသားတွေ၊ သက်ရှိသတ္တဝါတွေ၊ ကမ္ဘာလောကကြီးမှာရှိတဲ့ လူသားတွေ သက်ရှိသတ္တဝါတွေ အားလုံးအတွက် စဉ်းစားပြီး လုပ်လေ့ရှိကြတယ်။ အားကျစရာပေါ့။ ယနေ့ ခေတ်မှာလည်း တတ်နိုင်၊စွမ်းနိုင်ကြတဲ့သူတွေ အားလုံးကလည်း ကိုယ်စွမ်းရာကနေ ကြိုးစားအားထုတ်ကြကာ အများအကျိုးအတွက် ဆောင်ရွက်လုပ်ဆောင်နေကြတာ မြင်ရ၊ ကြားရ အားကျစရာမဟုတ်ပါလား။
သန္တိကရဝိဟာရဆရာတော်သည်လည်း လူသားထဲက လူသားတစ်ယောက်၊ ဗုဒ္ဓရဲ့ လမ်းစဉ်ကို အတတ်နိုင်ဆုံး မတိမ်းစောင်းအောင် ကြိုးစားနေတဲ့ ဘုန်းကြီးတစ်ပါးဖြစ်လေတော့ ကောင်းတဲ့လုပ်ငန်း၊ အများအကျိုးပြုလုပ်ငန်းတွေကို စဉ်းစားနေမိ၊ စိတ်ဝင်စားမိနေတာ လွန်မယ်မထင်ပါဘူး။ ဒါပေမဲ့ အခြေနေနဲ့ အချိန်ခါက အခွင့်ရေး မပေးသေးတော့ စိတ်စေရာနောက် မလိုက်နိုင်ခဲ့ပါဘူး။ အဲ လုံးဝကြီး မေ့လျော့ထားနေတာတော့ မဟုတ်ပါဘူး တတ်နိုင်တဲ့ နေရာက တတ်နိင်သလောက်တော့ တာဝန်ယူနေခဲ့ပါတယ်။ သူများတွေရဲ့ အလှူထဲ နည်းနည်းစီ ထည့်ဝင်သလိုမျိုး၊ သူများတွေ လုပ်ချင်တဲ့ကုသိုလ်အလုပ်ကလေးတွေကို ဦးဆောင်စီစဉ်ပေးသလိုမျိုးပေါ့။
တခြားမြို့ရွာ၊ ဒေသတွေမှာ မလုပ်နိုင်တာထက် ကိုယ့်မွေးရပ်မြေမှာ ဘာမှ(များများစားစား) မလုပ်ပေးနိုင်သေးပါလားလို့ စဉ်းစားမိလိုက်တိုင်း စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါပဲ။ ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်း၊ သိတတ်ခြင်းဟာ ကောင်းမြတ်တဲ့ စိတ်ဓါတ်လို့ ဆိုတယ်မဟုတ်လား။ ဒါကြောင့် အထက်တန်းအောင်ပြီ တက္ကသိုလ်တက်ကြမဲ့ ကျောင်းသား/သူတွေအတွက် တစ်ဖက်တစ်လမ်းက နည်းများမဆို ကူညီနိုင်ဘို့  ပဒေသာပင်စိုက်ထူပြီး ကူညီနိုင်ရင်ကောင်းမှာပဲလို့ စဉ်းစားလိုက်မိတယ်။ ဒါဟာ တစ်သက်လုံး မပျောက်ပျက်ဘဲ အရင်းလည်းထပ်များနိုင်၊ အတိုးတည်းနဲ့ ပဲ ကူညီထောက်ပံ့နိုင်မဲ့ အစီစဉ်ပဲလေ။ တာဝန်လည်းသိပ်မကြီး အကျိုးလည်းဖြစ်ဆိုတော့ အားလုံးကလည်းနှစ်သက်ကြပေါ့။ ကိုယ့်မွေးရပ်မြေမှာ ဘယ်သူမှ ခုလို မလုပ်သေးတော့ တစ်ခြားသူတွေကို ဒီလို လုပ်ရင်ဖြစ်နိုင်တယ်ဆိုတဲ့ Message ကိုလည်းပေးရာရောက်၊ ခုလို့ ကြီးပွါးတိုးတက်တဲ့နိုင်ငံမှာ နေနေပေမဲ့ ကိုယ့်မွေးရပ်မြေ ကျေးလက်တောရွာလေးကို မမေ့ဘူးဆိုတာကိုလည်း သိစေချင်လို့ ပေါ့။
ကြွားတာမဟုတ်ပါ ထင်ပေါ်အောင် စင်ပေါ်တက်တာလည်းမဟုတ်ပါ။ ခုလို လှူဖြစ်လိုက်တဲ့ ငွေတွေအားလုံးဟာ ကိုရီးယားမှာ အလုပ်လုပ်နေကြတဲ့ ရွှေမြန်မာတွေရဲ့ ချွှေးနဲ့ သွေးနဲ့ ရင်းလို့ ရပြီးလှူတဲ့ငွေ၊ ကိုရီးယားလူမျိုးတွေက လှူလို့ ရတဲ့လာဘ်လာဘတွေပါပဲ။ အထူးသဖြင့် ၂၀၁၂ ခု၊ ဇန္နဝါရီ ၁ ရက်နေ့ က ပြုလုပ်ခဲ့တဲ့ ဆရာတော်ရဲ့ မွေးနေ့  အားလုံးက ဝိုင်းဝန်းလှူဒါန်းကြတဲ့ ငွေကြေးတွေကို ပဒေသာပင် စိုထူလိုက်တာပါ။ ကျန်တဲ့အလှူတွေကိုတော့ လိုအပ်မယ်ထင်လို့ ၊ လှူသင့်တဲ့ နေရာကို ကိုယ်အသုံးငွေတွေကို ချွေတာလို့ လှူလိုက်တာပါ။
ဒီနေရာမှာ ပြောစရာတစ်ခုက မူလတန်းကျောင်းအတွက် လှူတဲ့ ငွေ သုံးသိန်းကတော့ ဆရာတော်ကို ကိုရီးယားကို ပင့်ဆောင်ခဲ့တဲ့ ကွန်လွန်သွားပြီဖြစ်တဲ့ ကိုရီးယား ဘိက္ခုနီကြီးက လှူတဲ့ငွေပါ။ သူကွယ်လွန်တော့ သူအိပ်ထဲမှာကျန်ခဲ့တာတဲ့။ ဒါကြောင့် အကျိုးရှိမဲ့နေရာကိုလှူလိုက်တဲ့သဘော။ ဒီကျောင်းက ကျောင်းသား/သူများအတွက် သင်ထောက်ကူပစ္စည်းကို လှူဒါန်းနေတဲ့ကျောင်းကိုး။
ဒီလို့ လှူဖြစ်တာလေးတွေကို သိ၊ ကြား၊ ဖတ်ရ၊ မြင်ရလို့ သာဓုခေါ်ကာ မုဒိတာပွါး ဝမ်းမြောက်နိုင်စေဘို့ ပါ။ အလှူစာရင်းကို အောက်မှာကြည့်ပါ-

၁။ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ သရက်ခုံရွာ တက္ကသိုလ်ကျောင်းသားများ ပညာရေးပဒေသာပင်အတွက် (၁၀) သိန်းကျပ်။
၂။ မူလတန်းကျောင်းအတွက် (၃)သိန်းကျပ်။
၃။ မိုးကုတ်မြို့၊ ဘော်ဗဒါန်းရွာ၊ တွဲဘက်အလယ်တန်းကျောင်း ဆရာအတတ်သင်တက်မည့်ကျောင်းသား/သူများပညာရေးပဒေသာပင်အတွက် (၂) သိန်းကျပ်။
၎။ အထက်တန်းကျောင်းသားတစ်ယောက်အတွက် တစ်နှစ်စာ ပညာသင်စရိတ် ထောက်ပံ့ (ဆ၇ာများ၏သတ်မှတ်ငွေ) (၆)သောင်းအတွက် (၈)သောင်းကျပ်။
၅။ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့၊ အောင်သုခပရိယတ္တိစာသင်တိုက်အတွင်း ဆောက်လုပ်ဆဲ ရေလောင်းကုဋီ (အိမ်သာ) တစ်ခန်းအတွက်(၄သိန်းခွဲကို) ကိုရီးယားရောက်ကျောင်းသားများနှင့် စုပေါင်းလှူဒါန်းရာတွင် (၁)သိန်းကျပ်။
၆။ ရန်ကုန်တိုင်း၊ သာကေတ၊ (၇) ရပ်ကွက်၊ မဟာစေတီတိုက်အတွင်းရှိ အောင်မင်္ဂလာပုပ္ပါးကျောင်းအတွင်း ဆောက်လုပ်ဆဲ ကျောင်းဆောင်သစ်အတွက် (၁) သိန်းကျပ်။
၇။ ရန်ကုန်၊ မဟာစည်သာသနာ့ရိပ်သာ၊ ဆေးပဒေသာပင်အတွက် (၁) သိန်းကျပ်။
၈။ ရန်ကုန်၊ နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ်၊ ဇီဝကဆေးခန်းမှ ထောက်ပံ့ပေးမဲ့ တောင်တန်းသာသနာပြုသံဃာများ ပဒေသာပင်အတွက် (၁) သိန်းကျပ်။
၉။ ရန်ကုန်၊ နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ် ကျောင်းသားဟောင်းများအဖွဲ့ 
ရံပုံငွေအတွက် (၁) သိန်းကျပ်။
၁၀။ မန္တလေးတိုင်း၊ မတ္တရာမြို့ ၊သဒ္ဓမ္မဇောတိကာရုံကျောင်းဆရာတော် ဦးဝိသုဒ္ဓါစာရာဘိဝံသ၏ အဂ္ဂမဟာပဏ္ဍိတ ဂုဏပူဇာပွဲအတွက် (၁) သိန်းကျပ်။
၁၁။ ကွယ်လွန်လေပြီးသော မိဘနှစ်ပါးနှင့် အစ်ကိုကြီးအတွက် ရည်စူးပြီး သံဃာတော် (၁၅) ပါးပင့်ကာ မိဘအိမ်၌ ဆွေမျိုးများနှင့် အတူ ကုသိုလ်ပြု အမျှပေးဝေမှု။
၁၂။ မွေးရပ်မြေ သရက်ခုံရွာ၌ ဘိုးဘွားများဆောက်လုပ်ခဲ့သော ဇရပ်ပြန်လည်ဆောက်လုပ်ရန်အတွက် ဆွေမျိုးများ၏ အမွေဆက်ခံမှုအတွက် (၁) သိန်းကျပ်။

No comments:

Post a Comment