Tuesday 29 October 2013

တရားတော်ကို နှစ်သက်လို့ (၃)



တရားကို နှစ်သက်လို့ (၃)
“I am well Buddhist”  ဗုဒ္ဓဘာသာကောင်းတစ်ယောက်ပါ တဲ့။
“ငါက ခုမှ ဗုဒ္ဓဘာသာကို ယုံကြည်လာတဲ့သူ တစ်ယောက်မဟုတ်ပါဘူး။ အမေရိကန်လူမျိုးဖြစ်ပေမဲ့ ငါတို့ မိဘတွေက ဗုဒ္ဓဘာသာတွေပါ။ ဗုဒ္ဓဘာသာကောင်းတွေပါ။ တကယ်နှစ်နှစ်ကာကာ ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဒဘာသာမိသားစုက မွေးလာတဲ့ ဗုဒ္ဓဘာသာကောင်းတစ်ယောက်ပါ တဲ့။” (မိသားစုအကြောင်းကတော့ ကုန်စင်အောင် မသိပါဘူး)

ကိုရီးယားနိုင်ငံရဲ့  အထင်ကရဗုဒ္ဓဘာသာဂိုဏ်းတစ်ခုဖြစ်သော ဂျိုဂဲးဂိုဏ်းက တည်ထောင်ထားတဲ့ ဒုန်ဂွတ်တက္ကသိုလ်၊ စာရေးသူလည်း ကိုရီးယားဘာသာစကားကို အနည်းငယ် (သုံးတန်းပြီးသည်အထိ) သင်ယူလေ့လာခဲ့တဲ့တက္ကသိုလ်၊ (သူတို့ဂိုဏ်းမှာ ဘုန်းကြီးဖြစ်တဲ့ မဟာယာနဘုန်းကြီးဆိုရင်တော့ အခကြေးငွေ ပေးစရာမလိုဘဲ ကျောင်းတက်နိုင်ပြီး ကျန်တဲ့ဗုဒ္ဓဘာသာဘုန်းကြီးများကိုတော့ သုံးပုံ နှစ်ပုံကျောင်းလခကို ပေးသွင်းရသည်။ သာမန်ကျောင်းသားများ တစ်တန်းအတွက် ၁၂ သိန်းဝမ်ဖြစ်ပြီး၊ ဘုန်းကြီးများကတော့ ၈-သိန်းဝမ်ပေးရ) ထိုတက္ကသိုလ်အတွင်းမှာရှိတဲ့ နိုင်ငံတကာသမထစင်တာခန်းမ၌ တရားဟော၇န် ပင့်ဖိတ်မှုအရ သွားရောက်တရားဟောဖြစ်ခဲ့ပါသည်။ ခုဆိုရင် သုံးကြိမ်တောင် ဟောဖြစ်ခဲ့ပါပြီ။ 

ထိုစင်တာရဲ့ ထူးခြားမှုက တရားဟောတဲ့ ဘုန်းကြီးတိုင်းဟာ အင်္ဂလိပ်လိုပဲ ဟောရသလို ဟောတဲ့ဘုန်းကြီးတွေထဲမှာလည်း နိုင်ငံခြားသားဘုန်းကြီးတွေ များပြီး တရားနာလာရောက်ကြတဲ့ ပရိဿတ်အတွင်းမှာလည်း နိုင်ငံခြားသားတွေလည်း လာနားထောင်လေ့ရှိကြတယ်။ အစီအစဉ်အားလုံးကို အင်္ဂလိပ်လိုပဲ ပြုလုပ်ခြင်းဟာလည်း ထူးခြားသပေါ့လေ။

ထိုတရားပွဲ၌ ထိုအမေရိကန်အမျိုးသ္မီးလည်း တရားနာသူများထဲမှ တစ်ဦးအပါအဝင်ပေါ့။ ပထမအကြိမ် တရားဟောစဉ်ကတည်းက လာရောက်တရားနာသည်ကို ဓါတ်ပုံများကို ကြည့်၍ သိခဲ့ရသည်။ ဒုတိယအကြိမ် တရားဟောအပြီး အဆောက်အဦးရှေ့ အမှတ်တရ ဓါတ်ပုံရိုက်နေစဉ် လာရောက်နုတ်ဆက်လို့ စကားပြောခွင့်ရလိုက်တယ်။

သူကား ထိုတက္ကသိုလ် အင်္ဂလိပ်စာဌာနက အင်္ဂလိပ်စာပြ ဆရာမတစ်ယောက်လို့ သိလိုက်ရပြီး။ စကားပြောနေရင်း ထိုဒကာမကြီးက အထက်ပါ“I am well Buddhist”ဆိုတဲ့ စကားကို ပြောလိုက်လို့ အတော်ကို အံ့သြသွားခဲ့တယ်။ 

‘မင်းက အမေရိကန်လို ခရစ်ယာန်နိုင်ငံက လာပေမဲ့ ဗုဒ္ဓဘာသာဖြစ်နေပြီး ၊ အောက်မှာ စာသင်ယူနေကြတဲ့ ကျောင်းသားတွေကတော့ ဗုဒ္ဓဘာသာနိုင်ငံမှာ မွေးပြီး ခရစ်ယာန်ဖြစ်နေကြတယ်။ အတော်တော့ ကသိကအောက်ဖြစ်စရာပဲ။ ဒါပေမဲ့ ကောင်းပါတယ် သူတို့အထင်ကြီးလေးစားတဲ့ အမေရိကန်လို ခရစ်ယာန်နိုင်ငံက လာတဲ့ဆရာမက ဗုဒ္ဓဘာသာတရားတော်ကို သက်ဝင်ယုံကြည်နေတာဆိုတော့ ဗုဒ္ဓတရားတော်ဟာ ဘယ်လောက်ကောင်းသလဲဆိုတာကို သက်သေပြသလို ဖြစ်တာပေါ့လို့ ပြောဖြစ်ခဲ့တယ်။’ (ကိုရီးယားနိုင်ငံက ခုဆိုရင် ဗုဒ္ဓဘာသာဝင် ဦးရေထက် ခရစ်ယာန်ဘာသာဝင်တွေက ပိုများလာနေတယ်လို့ ထင်ပါတယ်။ အမေရိကကို အထင်ကြီးမှုတွေရဲ့ ရလာဒ်ပဲလေလား။)

စကားပြောရင်းနဲ့ သိလိုက်ရတာက မိသားစုဝင်တွေဟာ ဗုဒ္ဓဘာသာကို အားလုံးယုံကြည်ကြသတဲ့။ အရတော်ပေစွလို့ ဆိုရမှာပဲ။ အမေရိကမှာကတော့ တနေ့တခြား ဗုဒ္ဓဘာသာကို လေ့လာလိုက်စားသူတွေ များလာတယ်လို့ ဆိုကြလေရဲ့။ တို့ အာရှနိုင်ငံသားများကရော ဘယ်လိုများ ဖြစ်နေသလဲ ကိုယ့်ကိုယ်ကို စဉ်းစားဆင်ခြင်နိုင်ဘို့ပါ။

ထိုဒကာမကြီးက အချိန်ရလျင် ဗုဒ္ဓစာပေတွေကို လေ့လာ၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေကို သွားရောက်ကာ တရားထိုင်မှု လေ့လာမှုတွေ လုပ်နေသတဲ့။ 

ဒီလို ဗုဒ္ဒဘာသာဝင် တစ်ယောက်ဖြစ်လာမှု၊ လေ့လာလိုက်စားမှုဟာ ဗုဒ္ဓတရားတော်ရဲ့ အကောင်းအဆိုးကို သိလို့သာလျင် ဖြစ်မယ်လို့ ယုံကြည်မိတယ်။ ဒီလို သိသွားပြီဆိုရင်တော့ တရားတော်ကို နှစ်သက်သွားကြမှာ အမှန်ပါပဲ။ ထိုအမေရိကန်ဒကာမကြီးသည်လည်း မိရိုးဖလာလိုဖြစ်တဲ့ ဗုဒ္ဓဘာသာကနေ ဆက်လက်လေ့လာ သင်ယူမှုတွေကြောင့် တရားတော်ကို ပိုမိုနှစ်သက်လာပြီး ရဟန်းတော်တွေကို တွေ့မြင်လျင် စိတ်နှလုံးကြည်လင် ဝမ်းမြှောက်တတ်တဲ့ သူတစ်ယောက် ဖြစ်နေပေပြီ။ တရားတော်ကို နှစ်သက်လို့ တရားတော်၏ သွန်သင်မှု အောက်မှာ ဘဝကို သင့်တင့်မျတအောင် နေသူလို့ဆိုရပေမည်။

ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ

သန္တိကရဝိဟာရဆရာတော်
အန်ဆန်းမြို့။



Sunday 27 October 2013

ကထိန်အောင်ပွဲ အလှူတော်မင်္ဂလာ

အန်ဆန်းမြို့ သန္တိကရဗုဒ္ဓဝိဟာရ ၏ ဒုတိယအကြိမ်မြောက် ကထိန်အောင်ပွဲအလှူတော်မင်္ဂလာကို တန်ဆောင်မုန်းလ္ဆန်း (၁) ရက်၊ (၃.၁၁.၂၀၁၃) တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ ကိုရီးယားရောက် မြန်မာမိသားစု အားလုံးကို မေတ္တာရှေ့ထားဖိတ်ကြားအပ်ပါသည်။

ကထန်အလှူတော်အတွက် ကျွေးမွေးဧည့်ခံမှုကို ကိုရီးယားရောက် မိုးကုတ်မြို့ မင်းတံတားရပ်မှ ကိုအောင်ကိုကိုဦး ဦးဆောင်သော ညီအစ်ကို သူငယ်ချင်းများစုပေါင်း၍ မတည်လှူဒါန်းမည် ဖြစ်ပါ၍ အလှူရှင်များကိုယ်စား သူငယ်ချင်းရောင်းရင်းအားလုံးကိုလည်း ဖိတ်ကြားအပ်ပါသည်။ သံဃာတော်များအထံမှ ရေစက်ချတရားနာပြီးလျင် ပရိတ်သတ်အပေါင်းအား ဧည့်ခံမှူအစီအစဉ် စတင်ပါမည်။


အစီအစဉ်..
- နေ့ရက် ၁၃၇၅ ခုနှစ်၊ တန်ဆောင်မုန်းလ္ဆန်း (၁) ရက်၊ (၃.၁၁.၂၀၁၃) တနင်္ဂနွေနေ့

-  အလှူတော်အချိန် နံနက် (၁၀) နာရီအချိန်တွင် 
    အလှူမင်္ဂလာ ရေစက်ချတရားနာ ကျင်းပပြုလုပ်ပါမည်။

- နံနက် (၁၁း၁၅) နာရီတွင် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်ပါမည်။

- ဧည့်ခံကျွေးမွေးမှု - အရသာရှိသော မြန်မာဒံပေါက်


ကထိန်အောင်ပွဲအလှူတော်အတွက် ထည့်ဝင်လှူဒါန်းလိုသူများ ကိုယ်တုင်လာရောက်၍ဖြစ်စေ၊ ဘဏ်မှတဆင့်ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။



လှူဖွယ်ပစ္စည်းများနှင့် တန်ဖိုး

ပရိက္ခရာအစုံ             ၅၀,၀၀၀ ဝမ်

တိစီဝရိတ်         ၃၀,၀၀၀ ဝမ်

သင်္ကန်းဒွိစုံ               ၂၀,၀၀၀ ဝမ်

ခြုံထည်                   ၂၀,၀၀၀ ဝမ်

ထီး, ဘိနပ်, ယပ်         ၅, ၀၀၀ ဝမ်စီ

သပိတ်              ၁၀,၀၀၀ ဝမ်

ပရိက္ခရာများကို တစ်မျိုးစီသော်လည်းကောင်း၊ ပ၇ိက္ခရာစုံကိုသော်လည်းကောင်း 

ကြိုက်နှစ်သက်သလို ရွေးချယ်လှူဒါန်းနိုင်ပါသည်။


ဆက်သွယ်လှူဒါန်းရန် 


ဘဏ်အကောင့် -IBK  기업은행 ( 630-021568-01-017 )SUVANNA
(ဘဏ်ထဲသို့ထည့်ဝင် လှူဒါန်းပြီးပါက ဖုန်းဆက်အကြောင်းကြားပေးပါရန်)

ဆရာတော် - ဖုန်း (၀၁၀-၅၁၈၄-၃၅၇၈)

ကိုကျော်မိုး - ဖုန်း ( ၀၁၀-၅၁၀၂-၉၉၂၆)

ကိုယဉ်ထွေး - ဖုန်း (၀၁၀-၂၆၂၁-၉၂၄၃)

ကိုဆန်းလွင်ထွန်း - ဖုန်း (၀၁၀-၃၄၂၉-၀၃၂၄)
                          
                                                       
 ကျောင်းအကျိုးတော်ဆောင်အဖွဲ့ 







Tuesday 15 October 2013

တရားကို နှစ်သက်လို့ (၂)

(စာမရေးဖြစ်တာလဲ အတော်ကြာပြီ၊ အရှုပ်တွေလုပ်နေလို့တော့ မဟုတ်ပါ။ အလုပ်တွေရှုပ်နေတာလည်း မဟုတ် ဒါပေမဲ့ မပြည့်စုံတဲ့ ဘဝဆိုတော့ တရားတစ်ပွဲဟောဘို့်ဆို ပြင်ရဆင်ရတာတွေက အများသားကိုး ဘာသာစကားကျွမ်းကျင်မှု အားနည်းသူဆိုတော့လည်း ဒီလိုပါပဲ။ အပါတ်စဉ် သောကြာနေ့ညတိုင်း ၊ စနေနေ့တွေမှာ တရားသွားဟောဘို့၊ တစ်လတစ်ခါ တရားစခန်းမှာ ဟောဘို့ ပြောဘို့ စသည်ဖြင့် အလုပ်တွေများနေလို့ပါလို့ ဆိုပါရစေ။ ခု တရားကို နှစ်သက်သူ တစ်ယောက်အကြောင်းလေးပေါ့။
 ရေးချင်နေတာ ကြာပေမဲ့ မရေးဖြစ်သေးတာလေးပါ။)

သောကြာနေ့ ညတိုင်း ဆိုလ်းမြို့လယ်ခေါင်မှာရှိတဲ့ ဗုဒ္ဓဘာသာ အင်္ဂလိပ် စာကြည့်တိုက်မှာ (Buddhist English Library of Seoul) တရားဟောလာတာ ခုဆို သုံးနှစ်တောင်ကျော်ရော့ပေါ့။ တရားလာနာသူ တရားအားထုတ်သူတွေကလည်း ကိုရီးယားတွေလည်း ပါသလို နိုင်ငံခြားသားတွေလည်း လာကြတယ်။ ခရီးသွားဟန်လွဲ ဝင်ရောက်လေ့လာသူတွေလည်း အများသားပေါ့။ ပုံမှန်လာပြီး တရားနုာ တရားထိုင်သူက သိပ်များလှသည်တော့ မဟုတ်၊ ပုံမှန်လာရောက်သူတွေ ရှိနေလို့လည်း ပုံမှန် ဟောပေးဖြစ်နေတာပေါ့လေ။

လွန်ခဲ့သော ခြောက်လကျော်ကတည်းက အမြဲလာရောက်ပြီး တရားနာ တရားထိုင်တဲ့ ထူးခြားတဲ့သူ တစ်ယောက်အကြောင်းကို ခုတစ်ခေါက် ပြောပြချင်လို့ပါ။ ကိုယ်မှာ ရှိနေပြီးသားအရာကို တန်ဖိုးမထားကြသူတွေအတွက် သတိလည်း ပေးချင်တဲ့ သဘောပေါ့။ မရှိသူတွေကြတော့ ရှိအောင် ကြိုးစားကြလို့ မပျောက်ပျက်အောင် ဆထက်တိုးပွါးအောင် ကြိုးစားကြလေရဲ့။

ထိုသူကား ကနေဒါနိုင်ငံသားပါပဲ။ (သူ့ရဲ့ခွင့်ပြုချက်မ၇ဘဲ ရေးတာဖြစ်လို့ နာမည်ကို ထည့်မရေးနိုင်တာ နားလည်ပေးပါ) ကိုရီးယားသူနှင့် အိမ်ထောင်ကျပြီး သားတစ်ယောက် ရှိတဲ့ ဖခင် တစ်ယောက်ပါ။ အီဟွာ တက္ကသိုလ်မှာ အင်္ဂလိပ်စာသင်ပေးနေတဲ့ ဆရာတစ်ယောက်ပေါ့။ မူရင်းအနေနဲ့ ဘယ်ဘာသာကို ယုံကြည်ကိုးကွယ်ခဲ့သည်တော့လည်း အမှန်တော့ မသိပါဘူး။  ဒါပေမဲ့ သိုင်းကစားတဲ့သူ ဖြစ်လေတော့ စိတ်ကို စုစည်းနိုင်အောင်၊ သူတစ်ပါးကို ကောင်းကောင်း တိုက်ခိုက်နိုင်တဲ့ နည်းစနစ်ကို အသုံးပြုနိုင်ဘို့ အချိန်ရတိုင်း သမထအလုပ်ကို အချိန်တော်တော်ကြာကြာတော့ လေ့ကျင်ခဲ့သူတစ်ယောက်ပေါ့။ ကိုရီးယားဘုန်းကြီးတွေထံမှာ ကိုရီးယားတရားအားထုတ်နည်းကို လေ့ကျင်ခဲ့ပေမဲ့ ဝိပဿနာနည်းကိုတော့ တစ်ခါမှ မတွေ့ကြုံဖူးဘူးလို့ ဆိုပါတယ်။

အင်တာနက်မှာ တရားဟောတဲ့ နေရာကို ရှာတွေ့လို့ေ၇ာက်လာပြီး ပုံမှန်တရားနာ၊ တရားထိုင်ပြီး၊ နွေ ကျောင်းအားရက်အတွင်း တရားစခန်းမှာ တစ်ပါတ်ဝင်ရောက်ပြီး ဝိပဿနာနည်းဖြင့် ကြိုးကြိုးစားစား တရားအားထုတ်ခဲ့တယ်။ ထေရဝါဒနည်း ဗုဒ္ဓဟောကြားထားတဲ့ တရားအတိုင်း
 ဟောပြောပုံ၊ ကျင့်ရတဲ့နည်းကို အတော်သဘောကျနေတယ်။

ထူးခြားတာက ကနေဒါ ဆိုတဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ နိုင်ငံက လာတဲ့သူက ဗုဒ္ဓတရားတော်ကို ယုံကြည်သက်ဝင်ပြီး၊ သူလက်ထပ်ထားတဲ့ သူကတော့ မဟာယာနဗုဒ္ဓဘာသာနိုင်ငံအနေနဲ့ ရပ်တည်နေတဲ့ ကိုရီးယားနိုင်ငံသူ ဖြစ်ပေမဲ့ ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်သူ ဖြစ်နေပါတယ်။ ကနေဒါ နိုင်ငံသား ယောဂီကတော့ သူ့နှလုံးသားမှာ ဗုဒ္ဓရဲ့ ဓမ္မဗဟုသုတတွေ ရှိအောင်ကြိုးစားနေလေရဲ့။ သူက တရားဗဟုသုတတွေ ရှိနေသလို သူ့ရဲ့ ရင်သွေး သားလေးရဲ့ ရှေ့ရေးကို တွေးလို့ သူ့သားကိုလည်း တရားအသိတွေ ရှိနေချင်နေတယ်။

သူ့သားကို ခရာစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်သွားမှာ စိုးရိမ်လို့ ဗုဒ္ဓဘာသာတရားကို သင်ပေးမဲ့သူ၊ သင်ပေးနေတဲ့ ကျောင်းကို ရှာဖွေလို့ သင်တန်းတွေ တက်စေဘို့ စီမံနေလေရဲ့။ သူ့သားကို ဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးမှုတွေကို ပေးချင်နေသူပါ။ ကိုယ်တိုင်လည်း ပုံမှန် တရားထိုင်လို့ ဘာသာပြန် စာအုပ်တွေကို ဖတ်လို့ ဓမ္မဗဟုသုတ တိုးပွါးအောင် လုပ်နေသလို၊ ကောင်းမှန်းသိလို့ အဲဒီ ကောင်းတဲ့အမွေကို
 ပေးချင်နေတဲ့သူပါ။

တရားကို မမြင်နိုင်သေးပေမဲ့ တရားကိုတော့ နှစ်သက်နေသူ ၊ ကိုယ့်ရင်သွေးကိုလည်း ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း ယဉ်ကျေးစေချင်နေသူ ဗုဒ္ဓဘာသာမိသားစုက မွေးဖွါးလာတာ မဟုတ်ပေမဲ့ ကောင်း မကောင်း၊ အမှား အမှန်ကို ဝေဖန်ပိုင်းခြားနိုင်သူ ဖြစ်လေတော့ ဘဝကိုလည်း ဓမ္မနှင့် ပျော်နေချင်သူ တစ်ယောက်ပါ။

ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ မွေးပြီး ဗုဒ္ဓတရားကို နားလည်အောင် မကြိုးစားချင် ၊ ရရှိထားတဲ့ ရတနာကို တန်ဖိုးရှိမှန်း မသိကြသူများ ဒီလို တရားကို နှစ်သက်သူများ အကြောင်းကို ဖတ်ရလို့ ကိုယ့်ဘဝကို နားလည်နိုင်ကြပြီး တရားကို နှစ်သက်ကာ ဗုဒ္ဓရဲ့ အဆုံးအမကို အခြေခံပြီး ရပ်တည် ဖြစ်ပေါ်လာတဲ့ မြန်မာ့ ယဉ်ကျေးမှုကို ကမ္ဘာတည်သရွှေ့ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ကြပါစေလို့
 တောင်းဆုချွေလိုက်ပါသည်။
အမှန်ကိုသိလို့ အမှားတွေကို ပြင်နိုင်ကြပါစေလို့ ဆန္ဒမွန်ဖြင့်

ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ

သန္တိကရဝိဟာရဆရာတော်
အန်ဆန်း၊ ကိုရီးယား
၁၅၊ ၁၀၊၂၀၁၃