Tuesday 15 October 2013

တရားကို နှစ်သက်လို့ (၂)

(စာမရေးဖြစ်တာလဲ အတော်ကြာပြီ၊ အရှုပ်တွေလုပ်နေလို့တော့ မဟုတ်ပါ။ အလုပ်တွေရှုပ်နေတာလည်း မဟုတ် ဒါပေမဲ့ မပြည့်စုံတဲ့ ဘဝဆိုတော့ တရားတစ်ပွဲဟောဘို့်ဆို ပြင်ရဆင်ရတာတွေက အများသားကိုး ဘာသာစကားကျွမ်းကျင်မှု အားနည်းသူဆိုတော့လည်း ဒီလိုပါပဲ။ အပါတ်စဉ် သောကြာနေ့ညတိုင်း ၊ စနေနေ့တွေမှာ တရားသွားဟောဘို့၊ တစ်လတစ်ခါ တရားစခန်းမှာ ဟောဘို့ ပြောဘို့ စသည်ဖြင့် အလုပ်တွေများနေလို့ပါလို့ ဆိုပါရစေ။ ခု တရားကို နှစ်သက်သူ တစ်ယောက်အကြောင်းလေးပေါ့။
 ရေးချင်နေတာ ကြာပေမဲ့ မရေးဖြစ်သေးတာလေးပါ။)

သောကြာနေ့ ညတိုင်း ဆိုလ်းမြို့လယ်ခေါင်မှာရှိတဲ့ ဗုဒ္ဓဘာသာ အင်္ဂလိပ် စာကြည့်တိုက်မှာ (Buddhist English Library of Seoul) တရားဟောလာတာ ခုဆို သုံးနှစ်တောင်ကျော်ရော့ပေါ့။ တရားလာနာသူ တရားအားထုတ်သူတွေကလည်း ကိုရီးယားတွေလည်း ပါသလို နိုင်ငံခြားသားတွေလည်း လာကြတယ်။ ခရီးသွားဟန်လွဲ ဝင်ရောက်လေ့လာသူတွေလည်း အများသားပေါ့။ ပုံမှန်လာပြီး တရားနုာ တရားထိုင်သူက သိပ်များလှသည်တော့ မဟုတ်၊ ပုံမှန်လာရောက်သူတွေ ရှိနေလို့လည်း ပုံမှန် ဟောပေးဖြစ်နေတာပေါ့လေ။

လွန်ခဲ့သော ခြောက်လကျော်ကတည်းက အမြဲလာရောက်ပြီး တရားနာ တရားထိုင်တဲ့ ထူးခြားတဲ့သူ တစ်ယောက်အကြောင်းကို ခုတစ်ခေါက် ပြောပြချင်လို့ပါ။ ကိုယ်မှာ ရှိနေပြီးသားအရာကို တန်ဖိုးမထားကြသူတွေအတွက် သတိလည်း ပေးချင်တဲ့ သဘောပေါ့။ မရှိသူတွေကြတော့ ရှိအောင် ကြိုးစားကြလို့ မပျောက်ပျက်အောင် ဆထက်တိုးပွါးအောင် ကြိုးစားကြလေရဲ့။

ထိုသူကား ကနေဒါနိုင်ငံသားပါပဲ။ (သူ့ရဲ့ခွင့်ပြုချက်မ၇ဘဲ ရေးတာဖြစ်လို့ နာမည်ကို ထည့်မရေးနိုင်တာ နားလည်ပေးပါ) ကိုရီးယားသူနှင့် အိမ်ထောင်ကျပြီး သားတစ်ယောက် ရှိတဲ့ ဖခင် တစ်ယောက်ပါ။ အီဟွာ တက္ကသိုလ်မှာ အင်္ဂလိပ်စာသင်ပေးနေတဲ့ ဆရာတစ်ယောက်ပေါ့။ မူရင်းအနေနဲ့ ဘယ်ဘာသာကို ယုံကြည်ကိုးကွယ်ခဲ့သည်တော့လည်း အမှန်တော့ မသိပါဘူး။  ဒါပေမဲ့ သိုင်းကစားတဲ့သူ ဖြစ်လေတော့ စိတ်ကို စုစည်းနိုင်အောင်၊ သူတစ်ပါးကို ကောင်းကောင်း တိုက်ခိုက်နိုင်တဲ့ နည်းစနစ်ကို အသုံးပြုနိုင်ဘို့ အချိန်ရတိုင်း သမထအလုပ်ကို အချိန်တော်တော်ကြာကြာတော့ လေ့ကျင်ခဲ့သူတစ်ယောက်ပေါ့။ ကိုရီးယားဘုန်းကြီးတွေထံမှာ ကိုရီးယားတရားအားထုတ်နည်းကို လေ့ကျင်ခဲ့ပေမဲ့ ဝိပဿနာနည်းကိုတော့ တစ်ခါမှ မတွေ့ကြုံဖူးဘူးလို့ ဆိုပါတယ်။

အင်တာနက်မှာ တရားဟောတဲ့ နေရာကို ရှာတွေ့လို့ေ၇ာက်လာပြီး ပုံမှန်တရားနာ၊ တရားထိုင်ပြီး၊ နွေ ကျောင်းအားရက်အတွင်း တရားစခန်းမှာ တစ်ပါတ်ဝင်ရောက်ပြီး ဝိပဿနာနည်းဖြင့် ကြိုးကြိုးစားစား တရားအားထုတ်ခဲ့တယ်။ ထေရဝါဒနည်း ဗုဒ္ဓဟောကြားထားတဲ့ တရားအတိုင်း
 ဟောပြောပုံ၊ ကျင့်ရတဲ့နည်းကို အတော်သဘောကျနေတယ်။

ထူးခြားတာက ကနေဒါ ဆိုတဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ နိုင်ငံက လာတဲ့သူက ဗုဒ္ဓတရားတော်ကို ယုံကြည်သက်ဝင်ပြီး၊ သူလက်ထပ်ထားတဲ့ သူကတော့ မဟာယာနဗုဒ္ဓဘာသာနိုင်ငံအနေနဲ့ ရပ်တည်နေတဲ့ ကိုရီးယားနိုင်ငံသူ ဖြစ်ပေမဲ့ ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်သူ ဖြစ်နေပါတယ်။ ကနေဒါ နိုင်ငံသား ယောဂီကတော့ သူ့နှလုံးသားမှာ ဗုဒ္ဓရဲ့ ဓမ္မဗဟုသုတတွေ ရှိအောင်ကြိုးစားနေလေရဲ့။ သူက တရားဗဟုသုတတွေ ရှိနေသလို သူ့ရဲ့ ရင်သွေး သားလေးရဲ့ ရှေ့ရေးကို တွေးလို့ သူ့သားကိုလည်း တရားအသိတွေ ရှိနေချင်နေတယ်။

သူ့သားကို ခရာစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်သွားမှာ စိုးရိမ်လို့ ဗုဒ္ဓဘာသာတရားကို သင်ပေးမဲ့သူ၊ သင်ပေးနေတဲ့ ကျောင်းကို ရှာဖွေလို့ သင်တန်းတွေ တက်စေဘို့ စီမံနေလေရဲ့။ သူ့သားကို ဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးမှုတွေကို ပေးချင်နေသူပါ။ ကိုယ်တိုင်လည်း ပုံမှန် တရားထိုင်လို့ ဘာသာပြန် စာအုပ်တွေကို ဖတ်လို့ ဓမ္မဗဟုသုတ တိုးပွါးအောင် လုပ်နေသလို၊ ကောင်းမှန်းသိလို့ အဲဒီ ကောင်းတဲ့အမွေကို
 ပေးချင်နေတဲ့သူပါ။

တရားကို မမြင်နိုင်သေးပေမဲ့ တရားကိုတော့ နှစ်သက်နေသူ ၊ ကိုယ့်ရင်သွေးကိုလည်း ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း ယဉ်ကျေးစေချင်နေသူ ဗုဒ္ဓဘာသာမိသားစုက မွေးဖွါးလာတာ မဟုတ်ပေမဲ့ ကောင်း မကောင်း၊ အမှား အမှန်ကို ဝေဖန်ပိုင်းခြားနိုင်သူ ဖြစ်လေတော့ ဘဝကိုလည်း ဓမ္မနှင့် ပျော်နေချင်သူ တစ်ယောက်ပါ။

ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ မွေးပြီး ဗုဒ္ဓတရားကို နားလည်အောင် မကြိုးစားချင် ၊ ရရှိထားတဲ့ ရတနာကို တန်ဖိုးရှိမှန်း မသိကြသူများ ဒီလို တရားကို နှစ်သက်သူများ အကြောင်းကို ဖတ်ရလို့ ကိုယ့်ဘဝကို နားလည်နိုင်ကြပြီး တရားကို နှစ်သက်ကာ ဗုဒ္ဓရဲ့ အဆုံးအမကို အခြေခံပြီး ရပ်တည် ဖြစ်ပေါ်လာတဲ့ မြန်မာ့ ယဉ်ကျေးမှုကို ကမ္ဘာတည်သရွှေ့ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ကြပါစေလို့
 တောင်းဆုချွေလိုက်ပါသည်။
အမှန်ကိုသိလို့ အမှားတွေကို ပြင်နိုင်ကြပါစေလို့ ဆန္ဒမွန်ဖြင့်

ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ

သန္တိကရဝိဟာရဆရာတော်
အန်ဆန်း၊ ကိုရီးယား
၁၅၊ ၁၀၊၂၀၁၃






No comments:

Post a Comment