မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းရွာမှ မသင်ဇာလင်း၏ ခင်ပွန်း သားတစ်ယောက်၏ ဖခင်ဖြစ်သူ ကိုလှမြင့် (၃၄)နှစ်သည်
ဂျယ်ဂျူကျွန်း လိမ္မောခြံ၌အလုပ်လုပ်သောခြံ၏ နေအိမ်ခန်းတွင် သေဆုးံပြီးဖြစ်ပါသည်။
ဗုဒ္ဓဘာသာဓလေ့
ထုံးစံအတိုင်း သေသူကို ရည်စူး၍ သံဃာတော်တို့အား ဆွမ်း သင်္ကန်းများ
ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှု ပြုလုပ်ကာ အမျှအတမ်းပေးဝေခြင်း
ပြုလုပ်မည်ဖြစ်ပါသည်။
အမှုကိစ္စ
မပြီးပြတ်သေးသော်လည်း သေသူအတွက် လုပ်သင့်သော အလုပ်ကို လုပ်၇မည်မှာ
ကျန်ရစ်သူ၏ တာဝန်သာ ဖြစ်ပါသည်။ မပြီးသေးသော ကိစ္စများကို အဖြစ်မှန်
(အတတ်နိုင်ဆုံး) ပေါ်ပေါက်စေဘို့ ဆက်လက်ဆောင်ရွက်ရန်လည်း ရှိနေသေးပါ၍
လိုအပ်သော အကူအညီများကို မြန်မာနိုင်ငံသား တိုင်းရင်းသားညီအစ်ကိုများမှ
ဝိုင်းဝန်းနိုင်ကြစေရန် မေတ္တာရှေ့ထား အသိပေး (ကြွရောက်ကြပါ၇န်)
ဖိတ်ကြားအပ်ပါသည်။
ကျန်ရစ်သူမိသားစုများ ကိုယ်စား
သူငယ်ချင်း မွန်လူငယ်များ
အစီအစဉ်
နေ့ရက် ဒီဇင်ဘာလ (၁)ရက် တနင်္ဂနွေနေ့
မနက် ၁၀း၀၀ နာရီ ရေစက်ချ တရားနာ
မနက် ၁၁း ၁၅ နာရီ သံဃာတော်များအား နေ့ဆွမ်းကပ်
မနက် ၁၁း၃၀ နာရီမှစ၍ ကျွေးမွေးဧည့်ခံ။
နေရာ သန္တိကရဝိဟာရ၊ အန်ဆန်းမြို့
အဝေးပြန်လိုသူများ
အဆင်ပြေစေ၇န် ၊ တိုင်ပင်စရာရှိသည်များကိုလည်း တိုင်ပင်နိုင်ရန် စောစီးစွာ
တရားနာ အမျပေးဝေးမှုကို ပြုလုပ်ခြင်းဖြစ်ပါသည်။
ဆက်သွယ်၇န်
ကိုယဉ်ထွေး - ၀၁၀-၂၆၂၁-၉၂၄၃
ကိုတင်ကိုဦး - ၀၁၀-၂၆၃၅-၀၁၆၁
ကိုရွှေပါ - ၀၁၀-၇၃၂၆-၂၈၅၇
Wednesday, 27 November 2013
Thursday, 14 November 2013
ကူညီကြစို့ သူသားနှစ်ယောက်အတွက်
ကိုရီးယားပရဟိတအဖွဲ့ NGOတစ်ခု၏ ကူညီပေးမှု တာဝန်ယူ၍
နှလုံးရောဂါကုသရန် မြန်မာနိုင်ငံမှ ကလေးနှစ်ယောက်သည် 길병원 တွင်
နှလုံးခွဲစိပ်ကုသမှု ခံယူနေပါသည်။
၁) ကလေးမြို့ တာဟမ်း တောင်ဇလပ်ရပ်ကွက် နယ်မြေ(၅)မှ ဦးစွမ်ရှင်းမုန် ဒေါ်တင်ဟွှဲကျင် ၏ သား
မောင် ဒါလ်စွမ်စန် (၈)နှစ်သည် နှလုံးအခန်းတစ်ခုပေါက်နေ၍ ခွဲစိပ်ပြီးဖြစ်ပါသည်။ အခြေနေကောင်းမွန်၍ လန်းလန်းဆန်းဆန်းရှိပါသည်။
၂) ကျောက်ဖြူမြို့ ရခိုင်ပိုက်ဆိပ်ရပ် ဦးစံထွန်း ဒေါ်ခေင်ရွှေတို့၏ သ္မီး မခင်ဖုန်းမြတ်စံ (၅)နှစ်သည် ရန်ကုန်မှ ဆရာဝန်ကြီးများ၏ စစ်ဆေးချက်အရ နှလုံးသွေးပြန်ကြော ပြောင်းပြန်စီးဆင်းနေမှုကို ခွဲစိပ်မှု ခံယူရန် အားမွေးရင်း စောင့်ဆိုင်းနေပါသည်။
လာမည့် ဗုဒ္ဓဟူးနေ့ခန့် ခွဲစိပ်ဖွယ်ရှိပါသည်။
ဆေးကုသမှုစရိတ်အားလုံးကို ထိုပရဟိတအဖွဲ့မှ တာဝန်ယူသွားမှာဖြစ်ပါသည်။
သက်ဆိုင်သော ရပ်ဆွေရပ်မျိုးများ သွားရောက်၍ လူမှုရေးအကူညီများပေး၍ ဘာသာစကားအခက်ခဲနှင့် စကားပြန်လုပ်ပေးသူမှလွဲ၍ အသိမိတ်ဆွေ မရှိပါ၍ သွားရောက်အားပေးရင်း စိတ်ဓါတ်ခွန်အား မြှင့်တင်ပေးနိုင်ပါရန် မေတ္တာဖြင့် အသိပေးအပ်ပါသည်။
လမ်းညွန်
인천시, 길병원 심장센터7층, 방7058 호 (032-460-3797)
ဗူဖျောင်းမှ(အင်ချွန်းလေဆိပ်-အင်ချွန်းဘတ်စ်ကားတာမီနယ်ဘက်သို့သွားသော) မြေအောက်ရထားစီး 예술회관역မှာဆင်း၊ နံပါတ်(၂)ထွက်ပေါက်မှထွက်၊ တည့်တည့်လျှောက် လမ်းလေးခွဆုံရောက်လျင် ဘယ်ဘက်ချိုးရင် လမ်းတစ်ဖက်တွင်ရှိပါသည်။ ဘူတာမှ မဝေးပါ (၁၀)မိနစ်ခန့် အလွန်ဆုံးလျှောက်လျင် ရောက်ပါသည်။
သိရှိလိုသည်များရှိပါက
အန်ဆန်းဆရာတော် ဦးသုဝဏ္ဏ (၀၁၀-၅၁၈၄-၃၅၇၈) သို့ ဆက်သွယ် စုံစမ်းနိင်ပါသည်။
လူနာများ အမြန်ကျန်းမာနိုင်ပါစေ
ကူညီလှူဒါန်းကြသူများ အားလုံးကိုလည်း ကျန်းမာချမ်းသာစေကြောင်း ဆထက်တိုး၍ ကူညီမှုတွေ လုပ်နိုင်စေကြောင်း မေတ္တာပို့သလိုက်ပါသည်။
သန္တိကရဝိဟာရဆရာတော်
အန်ဆန်း

Thursday, 7 November 2013
တရားတော်ကို နှစ်သက်လို့ (၄)
တရားကို နှစ်နှစ်ကာကာ အားထုတ်သော ပုဂ္ဂိုလ်မှန်သမျှ ကိုယ်စိတ်နှလုံး ယဉ်ကျေးလာတတ်တာ ဓမ္မသဘာဝပါ။ တရားအားထုတ်ခြင်းအလုပ်ကို အချိန်အကြာမြှင့်စွာ အားထုတ်မှရယ်မဟုတ်ပါ။ တရားရဲ့ အရသာ၊ ဘဝရဲ့ အနှစ်သာရဆိုတာ ဘာလဲဆိုတာကို သိရှိသူမှန်သမျှ ဘဝကို ဘယ်လို အကျိုးရှိအောင် နေရမယ်ဆိုတာ အထိုက်အလျောက်တော့ နားလည်လာတတ်ကြပါတယ်။ နားလည်သည့်အတိုင်း သိသည့်အတိုင်း လိုက်နာနိုင်သူရှိသလို သိသိနဲ့ ဆက်မိုက်နေသူတွေလည်း နည်းမည်မထင်။ ကြီးလေမိုက်လေ ကြီးမိုက်တွေလည်း အများသားလား။
ကြုံခဲ့ဖူးတဲ့ လူတစ်ယောက်ကတော့ အချိန်ပိုင်းလေး တရားရဲ့ သဘော ဘဝရဲ့ အနှစ်သာရဆိုတာ ဘာလည်းလို့ သိလိုက်ပြီး လက်တွေ့ ကျင့်သုံးသူတစ်ယောက်အကြောင်းပေါ့။
၂၀၀၇ ခုနှစ်က မလေးရှားနိုင်ငံ ဂျိုဟိုပြည်နယ် (Kulai)ကူလိုင်းမြို့ရှိ စိတ္တသုခကျောင်းမှာ ဝါဆိုပြီး တရားဟောပြော ပြသဘို့ တရုတ်လူမျိုးတွေက ပင့်တာကြောင့် ရောက်ရှိသွားခဲ့တယ်။ စင်္ကာပူတွင် သီတင်းသုံးနေသော ဆရာတော်တစ်ပါး၏ တိုက်တွန်း အကြံပြုချက်အရ ထိုဒကာတွေက ပင့်ခြင်းတည်း။ နိုင်ငံခြားကို သွားလာလည်ပါတ်ဖူးတယ်ဆိုပေမဲ့ နိုင်ငံခြားသားတွေကို အချိန်အကြာကြီးတော့ တရားမဟောခဲ့ဖူးသေး။ အတော်တော့ ရင်တထိပ်ထိပ်ပေါ့။ တစ်ပါတ်တစ်ခါ ကြာသပတေးနေ့တိုင်း ဘုရားရှိ ခိုး တရားထိုင် တရားဟောပေါ့။ တနင်္ဂနွေနေ့တိုင်း မြန်မာတွေ စုပေါင်းပြီး ဘုရားရှိခိုး တရားဟော။ တရားထိုင်ချင်သူတွေ လာရင် တရားထိုင်ပုံ ပြောပြ တရားဟောပေးခဲ့ရတယ်။
ထိုမြို့နှင့် (၄၅)မိနစ်ခန့် ကားမောင်းရသော နေရာတွင် ကိုတာတင်ဂီမြို့ (kotatinggi)တွင် မလေးရှားလူမျိုး သုဇီဝမထေရ် ထူထောင်ထားသော နိဂျောဓာရာမရိပ်သာရှိသည်။ လပြည့်လကွယ် ဥပုသ်ပြုဘို့ သွားဖြစ်သည်။ ထိုနေရာတွင် နာမည်ကြီးဆရာတော်ကြီးတွေလည်း တရားဟောပြော ပြသခဲ့ဖူး၊ ခုလည်း စင်္ကာပူမှ ဒကောတွေ စီစဉ်ပြီး တရားစခန်းတွေ မကြာခဏပြုလုပ်သော ဆိတ်ငြိမ် သောနေရာတစ်ခုဖြစ်သည်။
တစ်နှစ်ပြည့်လို့ မြန်မာပြည်ကို မပြန်မီ ၂၀၀၈ ခု ဗုဒ္ဓနေ့ အခမ်းအနားတွင် ဒုလ္လဘဝတ်သူတွေလည်း ရှိတာကြောင့် တရားဟောတရားပြပေးဘို့ အတွင်းရေးမှုးဒကာမကြီးက လျောက်တာကြောင့် အာမခံပြီး တတ်စွမ်းသမျှ ကြိုးစားပြီး ဆောင်ရွက်ဖြစ်ခဲ့သည်။
ထိုရက်တွင် ဒုလ္လဘဝတ်ပြီး တရားအားထုတ်သူ အရမ်းမများပေမဲ့ ရှိတဲ့ သူတွေကလည်း အချိန်ကို အကျိုးရှိစွာ အသုံးချကြသူတွေပါပဲ။ ကိုယ်ပိုင်စီးပွါးရေးကို အောင်မြင်စွာလုပ်ဆောင်နေကြသူတွေဖြစ်သည့် အလျောက် အချိန်ရှိခိုက် အားကြိုးမာန်တက် ကြိုးစားကြခြင်းဖြစ်မယ်။ စီးပွါးရေးသမားတွေဆိုပေမဲ့ အရမ်းအသက်ကြီးကြသူတွေတော့ မဟုတ်ပေ။ တစ်ယောက်မှလွဲ၍ ကျန်အားလုံးဟာ အသက်လေးဆယ်အောက်တွေကြီးပါပဲ။
တရားအားထုတ်နေတဲ့ အချိန်ကို လေ့လာကြည့်ရသလောက် တစ်ပါးသော ဒုလ္လဘကတော့ သိမ်မွေ့မှုမရှ ကြမ်းတမ်းမည့်သူပဲလို့ သုံးသပ်မိခဲ့။ ကိုးလိုးကန့်လန့်သမား ဖြစ်မယ်လို့လည်း ကောက်ချက်ချမိခဲ့တယ်။ တရားဟောပြီးလို့ တရားစစ် တရားအကြောင်းမေးကြပြောကြတဲ့အခါလည်း စကားပြောက ဒေါင့်မကျိုးသလို။ အင်း ဒါ သူ့ ဝသီနေမှာပါပဲလို့ မှန်ချက်ချခဲ့ရ။ ထူးတာကတော့ ပြောတဲ့အတိုင်း လိုက်နာပြီး ကြိုးစားခြင်းပါပဲ။
ငါးရက်အချိန်ပြည့်လို့ လူထွက်ပြန်သွားကြသည်အထိ ဘာမှ ထူးခြားမှုတွေ မသိရ မတွေ့ခဲ့ရ။
သူတို့ လူထွက်ပြီး သုံးရက်မြှောက်နေ့ မနက် ကွာလာမ်ပူမြို့ကို ပြန်ဘို့ ထိုရိပ်သာမှ ဂျိုဟိုမြို့ရှိ ဘတ်စ်ကားတာမီနယ်ကို သွားဘို့ သူတို့လာကြိုပါရစေလို့ ဆက်သွယ်လာတာကြောင့် သူတို့လာကြိုတဲ့ကားနဲ့ လိုက်သွားဖြစ်တယ်။ ကားလက်မှတ်ဝယ်ပြီး အချိန်စောသေးလို့ စကားပြောကြတဲ့အခါမှာ တစ်ယောက်သောသူကတော့ တရားထိုင်ရတာ ကျေနပ်နှစ်သက်မှု ရရှိခဲ့ကြောင်း ခုထိ ညစာမစားဘဲ နေပြီး အချိန်ရရင် တရား အားထုတ်ျြဖစ်သေးကြောင်း ဆက်လည်းလုပ်ဖြစ်ဖြစ်အောင် ကြိုးစားမည်ဖြစ်ကြောင်း ပြောခဲ့။ ဒါကတော့ တရားအားထုတ်ဖူးကြသူတွေ ပြောတတ်တဲ့ စကားပဲလေ။
ဒေါင့်မကျိုးဘူးလို့ ထင်ခဲ့တဲ့သူကတော့ - သူဟာ အလွန်ဒေါသ ကြီးသူဖြစ်ကြောင်း သားမယားတွေကိုလည်း ဘယ်တော့မှ ချိုသာတဲ့စကား မပြောဖူးဘူး အမြဲတမ်း ရန်ဖြစ်တတ် ကြိမ်းမောင်း ရိုက်ပုတ်တတ်ကြောင်း ပြောပြတယ်။ (အင်း ငါထင်တာ မမှားဘူးပဲလို့ စိတ်ထဲက ပြောနေဖြစ်တယ်။) သူဆက်ပြောတာက - ဒါပေမဲ့ တရားထိုင်ပြီးလို့ ပြန်တဲ့ညနေက သူ့မိသားစု အားလုံးကို ခေါ်ပြီ စကားပြောဖြစ်ခဲ့သတဲ့။ သူ့မိန်းမရှေ့ ဒူးထောက်ပြီး ယ္ခင်က ပြောမှားဆိုမှား ရှိတာတွေ ခွင့်လွတ်ဘို့ တောင်းပန်ဖြစ်ခဲ့သတဲ့။ အကယ်၍ သူ့ကို ကွဲချင်တယ်ဆိုရင်လည်း လိုအပ်တဲ့ ပစ္စည်းတွေယူပြီး သွားနိုင်ကြောင်း အားလုံးကို ခွင့်လွတ်ပြီး သူ့ကိုလည်း ခွင့်လွတ်ဘို့ နားလည်ပေးကြဘို့ တောင်းပန်ပြီး၊ တောင်းဆိုမှု တစ်ခုကိုလည်း လုပ်ခဲ့သတဲ့။ အဲဒါကတော့ အခန်းတစ်ခန်းကို တရားထိုင်ဘို့ သူ အသုံးပြုမည် ထိုအချိန် မည်သူမျှ ဝင်လာခြင်း နှောက်ယှက်ခြင်း မပြုကြရန်ပါတဲ့။ ရှစ်ပါးသီလကိုလည်း ဆက်လက်ပြီး စောင့်ထိမ်းသွားဘို့ ရှိကြောင်း ပြောပြခဲ့သတဲ့။
ထိုစကားများကို ကြားရတော့ သူ့ဇနီးက ငိုပါသတဲ့။ ဝမ်းသာလွန်းလို့ပါတဲ့။ အမြဲတမ်း အပြစ်ပြော အော်ငေါက် ရိုက်ပုတ်လေ့ရှိတဲ့ သူ့ယောက်ျားဆီက ထိုကဲ့သို့ ထူးဆန်းတဲ့စကားကို ကြားလိုက်ရတော့ သူ့ကိုယ်သူလည်း မယုံနိုင်ကြောင်း အရမ်းဝမ်းသာကြောင်း သူ့အမျိုးသားရဲ့ ဆန္ဒတွေကိုလည်း ကြည်ဖြူစွာ လိုက်လျောခဲ့ပါသတဲ့။
ထိုကဲ့သို့ စိတ်တွေ ပြောင်းလဲသွားတာဟာ တခဏ တရားထိုင်လိုက်ရတဲ့ အချိန်အတွင်း စိတ်ချမ်းသာမှု အနည်းငယ် ရရှိပြီး သူလုပ်ခဲ့တဲ့ အမှားတွေကို ပြန်သတိရကာ စိတ်မကောင်းဖြစ်ခဲ့ရကြောင်း၊ သူ့ကြောင့် သူ့မိသားစုတွေ ဘယ်လောက်များ စိတ်ဆင်းရဲကြလေမလဲလို့ တွေးမိခဲ့တဲ့အကြောင်း၊ ထိုကဲ့သို့ စိတ်ချမ်းသာမှုကို အမြဲတမ်း ဖြစ်စေချင်တဲ့အတွက် အချိန်ရတိုင်း တရားမှတ်ဘို့ ဆုံးဖြတ်ဖြစ်ခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့တယ်။
တရားရနံ့သည် နေရာဌာနုတိုင်းကို ပျံနှံ့နိုင်သလို တရားရနံ့ကိုလည်း သူတော်ကောင်းတိုင်း ကြိုက်နှစ်သက်ကြစမြဲပါ။ တရားရနံ့ကို ကြိုက်နှစ်သက်လို့ အမြဲတမ်း စိတ်ဆင်းရဲနေရတဲ့ မိသားစုလေး ပျော်ရွှင်တဲ့ ဘဝလေးကို ရရှိသွားကြပြီပေါ့။
ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ
သန္တိကရဆရာတော်
အန်ဆန်းမြို့

Tuesday, 29 October 2013
တရားတော်ကို နှစ်သက်လို့ (၃)
တရားကို
နှစ်သက်လို့ (၃)
“I am well Buddhist” ဗုဒ္ဓဘာသာကောင်းတစ်ယောက်ပါ တဲ့။
“ငါက
ခုမှ ဗုဒ္ဓဘာသာကို ယုံကြည်လာတဲ့သူ တစ်ယောက်မဟုတ်ပါဘူး။ အမေရိကန်လူမျိုးဖြစ်ပေမဲ့ ငါတို့
မိဘတွေက ဗုဒ္ဓဘာသာတွေပါ။ ဗုဒ္ဓဘာသာကောင်းတွေပါ။ တကယ်နှစ်နှစ်ကာကာ ယုံကြည်ကိုးကွယ်တဲ့
ဗုဒ္ဒဘာသာမိသားစုက မွေးလာတဲ့ ဗုဒ္ဓဘာသာကောင်းတစ်ယောက်ပါ တဲ့။” (မိသားစုအကြောင်းကတော့
ကုန်စင်အောင် မသိပါဘူး)
ကိုရီးယားနိုင်ငံရဲ့
အထင်ကရဗုဒ္ဓဘာသာဂိုဏ်းတစ်ခုဖြစ်သော ဂျိုဂဲးဂိုဏ်းက
တည်ထောင်ထားတဲ့ ဒုန်ဂွတ်တက္ကသိုလ်၊ စာရေးသူလည်း ကိုရီးယားဘာသာစကားကို အနည်းငယ် (သုံးတန်းပြီးသည်အထိ)
သင်ယူလေ့လာခဲ့တဲ့တက္ကသိုလ်၊ (သူတို့ဂိုဏ်းမှာ ဘုန်းကြီးဖြစ်တဲ့ မဟာယာနဘုန်းကြီးဆိုရင်တော့
အခကြေးငွေ ပေးစရာမလိုဘဲ ကျောင်းတက်နိုင်ပြီး ကျန်တဲ့ဗုဒ္ဓဘာသာဘုန်းကြီးများကိုတော့ သုံးပုံ
နှစ်ပုံကျောင်းလခကို ပေးသွင်းရသည်။ သာမန်ကျောင်းသားများ တစ်တန်းအတွက် ၁၂ သိန်းဝမ်ဖြစ်ပြီး၊
ဘုန်းကြီးများကတော့ ၈-သိန်းဝမ်ပေးရ) ထိုတက္ကသိုလ်အတွင်းမှာရှိတဲ့ နိုင်ငံတကာသမထစင်တာခန်းမ၌
တရားဟော၇န် ပင့်ဖိတ်မှုအရ သွားရောက်တရားဟောဖြစ်ခဲ့ပါသည်။ ခုဆိုရင် သုံးကြိမ်တောင် ဟောဖြစ်ခဲ့ပါပြီ။
ထိုစင်တာရဲ့
ထူးခြားမှုက တရားဟောတဲ့ ဘုန်းကြီးတိုင်းဟာ အင်္ဂလိပ်လိုပဲ ဟောရသလို ဟောတဲ့ဘုန်းကြီးတွေထဲမှာလည်း
နိုင်ငံခြားသားဘုန်းကြီးတွေ များပြီး တရားနာလာရောက်ကြတဲ့ ပရိဿတ်အတွင်းမှာလည်း နိုင်ငံခြားသားတွေလည်း
လာနားထောင်လေ့ရှိကြတယ်။ အစီအစဉ်အားလုံးကို အင်္ဂလိပ်လိုပဲ ပြုလုပ်ခြင်းဟာလည်း ထူးခြားသပေါ့လေ။
ထိုတရားပွဲ၌
ထိုအမေရိကန်အမျိုးသ္မီးလည်း တရားနာသူများထဲမှ တစ်ဦးအပါအဝင်ပေါ့။ ပထမအကြိမ် တရားဟောစဉ်ကတည်းက
လာရောက်တရားနာသည်ကို ဓါတ်ပုံများကို ကြည့်၍ သိခဲ့ရသည်။ ဒုတိယအကြိမ် တရားဟောအပြီး အဆောက်အဦးရှေ့
အမှတ်တရ ဓါတ်ပုံရိုက်နေစဉ် လာရောက်နုတ်ဆက်လို့ စကားပြောခွင့်ရလိုက်တယ်။
သူကား
ထိုတက္ကသိုလ် အင်္ဂလိပ်စာဌာနက အင်္ဂလိပ်စာပြ ဆရာမတစ်ယောက်လို့ သိလိုက်ရပြီး။ စကားပြောနေရင်း
ထိုဒကာမကြီးက အထက်ပါ“I am well Buddhist”ဆိုတဲ့ စကားကို ပြောလိုက်လို့ အတော်ကို အံ့သြသွားခဲ့တယ်။
‘မင်းက
အမေရိကန်လို ခရစ်ယာန်နိုင်ငံက လာပေမဲ့ ဗုဒ္ဓဘာသာဖြစ်နေပြီး ၊ အောက်မှာ စာသင်ယူနေကြတဲ့
ကျောင်းသားတွေကတော့ ဗုဒ္ဓဘာသာနိုင်ငံမှာ မွေးပြီး ခရစ်ယာန်ဖြစ်နေကြတယ်။ အတော်တော့ ကသိကအောက်ဖြစ်စရာပဲ။
ဒါပေမဲ့ ကောင်းပါတယ် သူတို့အထင်ကြီးလေးစားတဲ့ အမေရိကန်လို ခရစ်ယာန်နိုင်ငံက လာတဲ့ဆရာမက
ဗုဒ္ဓဘာသာတရားတော်ကို သက်ဝင်ယုံကြည်နေတာဆိုတော့ ဗုဒ္ဓတရားတော်ဟာ ဘယ်လောက်ကောင်းသလဲဆိုတာကို
သက်သေပြသလို ဖြစ်တာပေါ့လို့ ပြောဖြစ်ခဲ့တယ်။’ (ကိုရီးယားနိုင်ငံက ခုဆိုရင် ဗုဒ္ဓဘာသာဝင်
ဦးရေထက် ခရစ်ယာန်ဘာသာဝင်တွေက ပိုများလာနေတယ်လို့ ထင်ပါတယ်။ အမေရိကကို အထင်ကြီးမှုတွေရဲ့
ရလာဒ်ပဲလေလား။)
စကားပြောရင်းနဲ့
သိလိုက်ရတာက မိသားစုဝင်တွေဟာ ဗုဒ္ဓဘာသာကို အားလုံးယုံကြည်ကြသတဲ့။ အရတော်ပေစွလို့ ဆိုရမှာပဲ။
အမေရိကမှာကတော့ တနေ့တခြား ဗုဒ္ဓဘာသာကို လေ့လာလိုက်စားသူတွေ များလာတယ်လို့ ဆိုကြလေရဲ့။
တို့ အာရှနိုင်ငံသားများကရော ဘယ်လိုများ ဖြစ်နေသလဲ ကိုယ့်ကိုယ်ကို စဉ်းစားဆင်ခြင်နိုင်ဘို့ပါ။
ထိုဒကာမကြီးက
အချိန်ရလျင် ဗုဒ္ဓစာပေတွေကို လေ့လာ၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေကို သွားရောက်ကာ
တရားထိုင်မှု လေ့လာမှုတွေ လုပ်နေသတဲ့။
ဒီလို
ဗုဒ္ဒဘာသာဝင် တစ်ယောက်ဖြစ်လာမှု၊ လေ့လာလိုက်စားမှုဟာ ဗုဒ္ဓတရားတော်ရဲ့ အကောင်းအဆိုးကို
သိလို့သာလျင် ဖြစ်မယ်လို့ ယုံကြည်မိတယ်။ ဒီလို သိသွားပြီဆိုရင်တော့ တရားတော်ကို နှစ်သက်သွားကြမှာ
အမှန်ပါပဲ။ ထိုအမေရိကန်ဒကာမကြီးသည်လည်း မိရိုးဖလာလိုဖြစ်တဲ့ ဗုဒ္ဓဘာသာကနေ ဆက်လက်လေ့လာ
သင်ယူမှုတွေကြောင့် တရားတော်ကို ပိုမိုနှစ်သက်လာပြီး ရဟန်းတော်တွေကို တွေ့မြင်လျင်
စိတ်နှလုံးကြည်လင် ဝမ်းမြှောက်တတ်တဲ့ သူတစ်ယောက် ဖြစ်နေပေပြီ။ တရားတော်ကို နှစ်သက်လို့
တရားတော်၏ သွန်သင်မှု အောက်မှာ ဘဝကို သင့်တင့်မျတအောင် နေသူလို့ဆိုရပေမည်။
ချမ်းသာစွာ
အိပ်စက်နိုးထနိုင်ကြပါစေ
သန္တိကရဝိဟာရဆရာတော်
အန်ဆန်းမြို့။
Sunday, 27 October 2013
ကထိန်အောင်ပွဲ အလှူတော်မင်္ဂလာ
အန်ဆန်းမြို့ သန္တိကရဗုဒ္ဓဝိဟာရ ၏ ဒုတိယအကြိမ်မြောက် ကထိန်အောင်ပွဲအလှူတော်မင်္ဂလာကို တန်ဆောင်မုန်းလ္ဆန်း (၁) ရက်၊ (၃.၁၁.၂၀၁၃) တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ ကိုရီးယားရောက် မြန်မာမိသားစု အားလုံးကို မေတ္တာရှေ့ထားဖိတ်ကြားအပ်ပါသည်။
ကထန်အလှူတော်အတွက် ကျွေးမွေးဧည့်ခံမှုကို ကိုရီးယားရောက် မိုးကုတ်မြို့ မင်းတံတားရပ်မှ ကိုအောင်ကိုကိုဦး ဦးဆောင်သော ညီအစ်ကို သူငယ်ချင်းများစုပေါင်း၍ မတည်လှူဒါန်းမည် ဖြစ်ပါ၍ အလှူရှင်များကိုယ်စား သူငယ်ချင်းရောင်းရင်းအားလုံးကိုလည်း ဖိတ်ကြားအပ်ပါသည်။ သံဃာတော်များအထံမှ ရေစက်ချတရားနာပြီးလျင် ပရိတ်သတ်အပေါင်းအား ဧည့်ခံမှူအစီအစဉ် စတင်ပါမည်။
အစီအစဉ်..
- နေ့ရက် ၁၃၇၅ ခုနှစ်၊ တန်ဆောင်မုန်းလ္ဆန်း (၁) ရက်၊ (၃.၁၁.၂၀၁၃) တနင်္ဂနွေနေ့
- အလှူတော်အချိန် နံနက် (၁၀) နာရီအချိန်တွင်
အလှူမင်္ဂလာ ရေစက်ချတရားနာ ကျင်းပပြုလုပ်ပါမည်။
- နံနက် (၁၁း၁၅) နာရီတွင် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်ပါမည်။
- ဧည့်ခံကျွေးမွေးမှု - အရသာရှိသော မြန်မာဒံပေါက်
ကထိန်အောင်ပွဲအလှူတော်အတွက် ထည့်ဝင်လှူဒါန်းလိုသူများ ကိုယ်တုင်လာရောက်၍ဖြစ်စေ၊ ဘဏ်မှတဆင့်ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

လှူဖွယ်ပစ္စည်းများနှင့် တန်ဖိုး
ပရိက္ခရာအစုံ ၅၀,၀၀၀ ဝမ်
တိစီဝရိတ်
၃၀,၀၀၀ ဝမ်
သင်္ကန်းဒွိစုံ
၂၀,၀၀၀ ဝမ်
ခြုံထည် ၂၀,၀၀၀ ဝမ်
ထီး,
ဘိနပ်, ယပ် ၅, ၀၀၀ ဝမ်စီ
သပိတ်
၁၀,၀၀၀ ဝမ်
ပရိက္ခရာများကို တစ်မျိုးစီသော်လည်းကောင်း၊
ပ၇ိက္ခရာစုံကိုသော်လည်းကောင်း
ကြိုက်နှစ်သက်သလို ရွေးချယ်လှူဒါန်းနိုင်ပါသည်။
ဆက်သွယ်လှူဒါန်းရန်
ဘဏ်အကောင့် -IBK 기업은행
( 630-021568-01-017 )SUVANNA
(ဘဏ်ထဲသို့ထည့်ဝင် လှူဒါန်းပြီးပါက ဖုန်းဆက်အကြောင်းကြားပေးပါရန်)
ဆရာတော် - ဖုန်း (၀၁၀-၅၁၈၄-၃၅၇၈)
ကိုကျော်မိုး - ဖုန်း ( ၀၁၀-၅၁၀၂-၉၉၂၆)
ကိုယဉ်ထွေး - ဖုန်း (၀၁၀-၂၆၂၁-၉၂၄၃)
ကိုဆန်းလွင်ထွန်း - ဖုန်း (၀၁၀-၃၄၂၉-၀၃၂၄)
ကျောင်းအကျိုးတော်ဆောင်အဖွဲ
့
Tuesday, 15 October 2013
တရားကို နှစ်သက်လို့ (၂)
(စာမရေးဖြစ်တာလဲ အတော်ကြာပြီ၊ အရှုပ်တွေလုပ်နေလို့တော့ မဟုတ်ပါ။ အလုပ်တွေရှုပ်နေတာလည်း မဟုတ် ဒါပေမဲ့ မပြည့်စုံတဲ့ ဘဝဆိုတော့ တရားတစ်ပွဲဟောဘို့်ဆို ပြင်ရဆင်ရတာတွေက အများသားကိုး ဘာသာစကားကျွမ်းကျင်မှု အားနည်းသူဆိုတော့လည်း ဒီလိုပါပဲ။ အပါတ်စဉ် သောကြာနေ့ညတိုင်း ၊ စနေနေ့တွေမှာ တရားသွားဟောဘို့၊ တစ်လတစ်ခါ တရားစခန်းမှာ ဟောဘို့ ပြောဘို့ စသည်ဖြင့် အလုပ်တွေများနေလို့ပါလို့ ဆိုပါရစေ။ ခု တရားကို နှစ်သက်သူ တစ်ယောက်အကြောင်းလေးပေါ့။
ရေးချင်နေတာ ကြာပေမဲ့ မရေးဖြစ်သေးတာလေးပါ။)
သောကြာနေ့ ညတိုင်း ဆိုလ်းမြို့လယ်ခေါင်မှာရှိတဲ့ ဗုဒ္ဓဘာသာ အင်္ဂလိပ် စာကြည့်တိုက်မှာ (Buddhist English Library of Seoul) တရားဟောလာတာ ခုဆို သုံးနှစ်တောင်ကျော်ရော့ပေါ့။ တရားလာနာသူ တရားအားထုတ်သူတွေကလည်း ကိုရီးယားတွေလည်း ပါသလို နိုင်ငံခြားသားတွေလည်း လာကြတယ်။ ခရီးသွားဟန်လွဲ ဝင်ရောက်လေ့လာသူတွေလည်း အများသားပေါ့။ ပုံမှန်လာပြီး တရားနုာ တရားထိုင်သူက သိပ်များလှသည်တော့ မဟုတ်၊ ပုံမှန်လာရောက်သူတွေ ရှိနေလို့လည်း ပုံမှန် ဟောပေးဖြစ်နေတာပေါ့လေ။
လွန်ခဲ့သော ခြောက်လကျော်ကတည်းက အမြဲလာရောက်ပြီး တရားနာ တရားထိုင်တဲ့ ထူးခြားတဲ့သူ တစ်ယောက်အကြောင်းကို ခုတစ်ခေါက် ပြောပြချင်လို့ပါ။ ကိုယ်မှာ ရှိနေပြီးသားအရာကို တန်ဖိုးမထားကြသူတွေအတွက် သတိလည်း ပေးချင်တဲ့ သဘောပေါ့။ မရှိသူတွေကြတော့ ရှိအောင် ကြိုးစားကြလို့ မပျောက်ပျက်အောင် ဆထက်တိုးပွါးအောင် ကြိုးစားကြလေရဲ့။
ထိုသူကား ကနေဒါနိုင်ငံသားပါပဲ။ (သူ့ရဲ့ခွင့်ပြုချက်မ၇ဘဲ ရေးတာဖြစ်လို့ နာမည်ကို ထည့်မရေးနိုင်တာ နားလည်ပေးပါ) ကိုရီးယားသူနှင့် အိမ်ထောင်ကျပြီး သားတစ်ယောက် ရှိတဲ့ ဖခင် တစ်ယောက်ပါ။ အီဟွာ တက္ကသိုလ်မှာ အင်္ဂလိပ်စာသင်ပေးနေတဲ့ ဆရာတစ်ယောက်ပေါ့။ မူရင်းအနေနဲ့ ဘယ်ဘာသာကို ယုံကြည်ကိုးကွယ်ခဲ့သည်တော့လည်း အမှန်တော့ မသိပါဘူး။ ဒါပေမဲ့ သိုင်းကစားတဲ့သူ ဖြစ်လေတော့ စိတ်ကို စုစည်းနိုင်အောင်၊ သူတစ်ပါးကို ကောင်းကောင်း တိုက်ခိုက်နိုင်တဲ့ နည်းစနစ်ကို အသုံးပြုနိုင်ဘို့ အချိန်ရတိုင်း သမထအလုပ်ကို အချိန်တော်တော်ကြာကြာတော့ လေ့ကျင်ခဲ့သူတစ်ယောက်ပေါ့။ ကိုရီးယားဘုန်းကြီးတွေထံမှာ ကိုရီးယားတရားအားထုတ်နည်းကို လေ့ကျင်ခဲ့ပေမဲ့ ဝိပဿနာနည်းကိုတော့ တစ်ခါမှ မတွေ့ကြုံဖူးဘူးလို့ ဆိုပါတယ်။
အင်တာနက်မှာ တရားဟောတဲ့ နေရာကို ရှာတွေ့လို့ေ၇ာက်လာပြီး ပုံမှန်တရားနာ၊ တရားထိုင်ပြီး၊ နွေ ကျောင်းအားရက်အတွင်း တရားစခန်းမှာ တစ်ပါတ်ဝင်ရောက်ပြီး ဝိပဿနာနည်းဖြင့် ကြိုးကြိုးစားစား တရားအားထုတ်ခဲ့တယ်။ ထေရဝါဒနည်း ဗုဒ္ဓဟောကြားထားတဲ့ တရားအတိုင်း
ဟောပြောပုံ၊ ကျင့်ရတဲ့နည်းကို အတော်သဘောကျနေတယ်။
ထူးခြားတာက ကနေဒါ ဆိုတဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ နိုင်ငံက လာတဲ့သူက ဗုဒ္ဓတရားတော်ကို ယုံကြည်သက်ဝင်ပြီး၊ သူလက်ထပ်ထားတဲ့ သူကတော့ မဟာယာနဗုဒ္ဓဘာသာနိုင်ငံအနေနဲ့ ရပ်တည်နေတဲ့ ကိုရီးယားနိုင်ငံသူ ဖြစ်ပေမဲ့ ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်သူ ဖြစ်နေပါတယ်။ ကနေဒါ နိုင်ငံသား ယောဂီကတော့ သူ့နှလုံးသားမှာ ဗုဒ္ဓရဲ့ ဓမ္မဗဟုသုတတွေ ရှိအောင်ကြိုးစားနေလေရဲ့။ သူက တရားဗဟုသုတတွေ ရှိနေသလို သူ့ရဲ့ ရင်သွေး သားလေးရဲ့ ရှေ့ရေးကို တွေးလို့ သူ့သားကိုလည်း တရားအသိတွေ ရှိနေချင်နေတယ်။
သူ့သားကို ခရာစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်သွားမှာ စိုးရိမ်လို့ ဗုဒ္ဓဘာသာတရားကို သင်ပေးမဲ့သူ၊ သင်ပေးနေတဲ့ ကျောင်းကို ရှာဖွေလို့ သင်တန်းတွေ တက်စေဘို့ စီမံနေလေရဲ့။ သူ့သားကို ဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးမှုတွေကို ပေးချင်နေသူပါ။ ကိုယ်တိုင်လည်း ပုံမှန် တရားထိုင်လို့ ဘာသာပြန် စာအုပ်တွေကို ဖတ်လို့ ဓမ္မဗဟုသုတ တိုးပွါးအောင် လုပ်နေသလို၊ ကောင်းမှန်းသိလို့ အဲဒီ ကောင်းတဲ့အမွေကို
ပေးချင်နေတဲ့သူပါ။
တရားကို မမြင်နိုင်သေးပေမဲ့ တရားကိုတော့ နှစ်သက်နေသူ ၊ ကိုယ့်ရင်သွေးကိုလည်း ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း ယဉ်ကျေးစေချင်နေသူ ဗုဒ္ဓဘာသာမိသားစုက မွေးဖွါးလာတာ မဟုတ်ပေမဲ့ ကောင်း မကောင်း၊ အမှား အမှန်ကို ဝေဖန်ပိုင်းခြားနိုင်သူ ဖြစ်လေတော့ ဘဝကိုလည်း ဓမ္မနှင့် ပျော်နေချင်သူ တစ်ယောက်ပါ။
ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ မွေးပြီး ဗုဒ္ဓတရားကို နားလည်အောင် မကြိုးစားချင် ၊ ရရှိထားတဲ့ ရတနာကို တန်ဖိုးရှိမှန်း မသိကြသူများ ဒီလို တရားကို နှစ်သက်သူများ အကြောင်းကို ဖတ်ရလို့ ကိုယ့်ဘဝကို နားလည်နိုင်ကြပြီး တရားကို နှစ်သက်ကာ ဗုဒ္ဓရဲ့ အဆုံးအမကို အခြေခံပြီး ရပ်တည် ဖြစ်ပေါ်လာတဲ့ မြန်မာ့ ယဉ်ကျေးမှုကို ကမ္ဘာတည်သရွှေ့ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ကြပါစေလို့
တောင်းဆုချွေလိုက်ပါသည်။
အမှန်ကိုသိလို့ အမှားတွေကို ပြင်နိုင်ကြပါစေလို့ ဆန္ဒမွန်ဖြင့်
ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ
သန္တိကရဝိဟာရဆရာတော်
အန်ဆန်း၊ ကိုရီးယား
၁၅၊ ၁၀၊၂၀၁၃

Subscribe to:
Posts (Atom)